၁၅ နှစ်သား လူငယ်ကို ဇာဗီခေါ်ယူ

ဘာစီလိုနာနည်းပြ ဇာဗီသည် အက်သလက်တီကိုနှင့်ကစားမည့် လာလီဂါပွဲစဉ်အတွက် ယူ-၁၉ အသင်းမှ လာမင်းယာမယ်ကို ခေါ်ယူလိုက်သည်။

လာလီဂါအား အမှတ်ဖြတ်ဦးဆောင်နေသော ဘာကာသည် ယနေ့ညတွင် အက်သလက်တီကိုနှင့် အိမ်ကွင်းပွဲစဉ် လက်ခံကစားရမည်ဖြစ်သည်။

ထို့ကြောင့် ၂၁ ဦးလူစာရင်း ရွေးချယ်ခဲ့ရာ ၁၅ နှစ်အရွယ် ယာမယ်ကို အံ့အားသင့်ဖွယ် ခေါ်ယူလိုက်ခြင်းဖြစ်သည်။

တောင်ပံတွင်သာမက တိုက်စစ်မှူးအဖြစ်ပါ ကစားနိုင်သော စပိန်ယူ-၁၉ လက်ရွေးစင် ယာမယ်သည် လာမာစီယာ အကယ်ဒမီထွက်ဖြစ်ပြီး ယခုရာသီတွင် ၈ ဂိုးသွင်းယူထားသည်။

ဇာဗီက ယာမယ်သည် ပါရမီရှင်တယောက်ဖြစ်၍ အသင်းကြီးအတွက် ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

“မျိုးဆက်သစ်တွေထဲ ယာမယ်က ပါရမီအရမ်းကောင်းတယ်။ အကြောက်အလန့်လည်း မရှိဘူး။

သူက ကွဲပြားတဲ့ ကစားသမားပါ။ နာမည်ကြီးကစားသမားတွေရဲ့ အရည်အချင်းတွေ သူ့မှာရှိတယ်။ ဘယ်သူနဲ့ တူသလဲဆိုတာကိုတော့ တိုက်ရိုက်နှိုင်းယှဉ်လို့ မရပါဘူး” ဟူ ဇာဗီက ပြောသည်။

Facebook Comments Box
Facebook Comment