
ဧကရာဇ်တို့ရဲ့လက်ထဲက ကြိုးကြာကျမ်းကို ဖတ်ကြမလား..
N Kyal Minn
ပရီးမီးယားလိဂ်လွှသွားတွေ တဒီးဒီးအော်မြည်သံ ကျွန်တော်တို့ ဘယ်လိုများ ခံစားခဲ့ကြရပါသလဲ။
ဒါက ကိုယ့်အသင်းသည်သာ ထာဝရပါကွယ်လား၊ သင်ကိုယ်တိုင် ရင်းနှီးမြှုပ်နှံခဲ့တဲ့ အသင်းများရဲ့ လားရာအတိုင်းလား၊ လွတ်လပ်ကျယ်ဝန်းစွာ စောင့်ကြည့်ခဲ့သူရဲ့ စိတ်နှလုံးခေါ်သံနှင့် အတူလား၊ ဘာနေနေ ပရီးမီးယားလိဂ်ဆိုရင် ပြောစရာတွေက အပြည့်ဖြစ်နေတတ်မြဲပါ။
အခု နည်းနည်း နားထောင်ကြည့်ပေးပါလား..
မန်စီးတီးနဲ့ဆို ကိုယ့်ကိုယ်ကိုယ် အမြဲယုံကြည်မှုရှိတယ်လေ ဆိုတဲ့ ညီလေးတစ်ဦး နွမ်းနယ်စွာ အိပ်မောကျသွားတာ တွေ့နေရပါတယ်။
ထို့အတူ အခြားသော မန်စီးတီးဖန်များစွာ ဖြစ်ပါတယ်။ ဒါက ကြုံရာဆုံရာတိုင်းကို နှိမ့်ချရယ်မောလိုတာ မဟုတ်ပါဘူး။
ဘောလုံးနဲ့ လောကဓံမှာ တစ်ဗိုလ်ဆင်း တစ်ဗိုလ်တက် သွားလာကြရတဲ့အဖြစ်ကို လှောင်ပြောင်လိုရင်းသာ ဖြစ်ပါတယ်။
ဒါပေမဲ့ မန်ယူနဲ့ အာဆင်နယ်တို့ အိပ်မက်စက် ပျက်သွားတာ နားလည်လို့ရတယ်။
အားလုံးကို အကျိုးပြုခဲ့၊ ပျော်ရွှင်စေခဲ့၊ နှစ်ကာလတံတားအပေါ် သီချင်းတွေ တက်ဆိုခဲ့။ အခု ရပ်ချိန်တန်လို့ ရပ်ခဲ့တယ်။
ပြန်လာနိုင်ဦးမလား၊ အဲ့ဒါ သိပ်ကြာမနေလွန်းဘူးလား ဆိုတာတွေက သီးသန့်ပြဿနာပါ။

အခု မန်စီးတီးဖြစ်သွားတာတွေက အဲ့ဒီနှစ်သင်းနဲ့ခြားနားပါတယ်။ ပရီးမီးယားလိဂ် လှေဦးမှာ မန်စီးတီးသဏ္ဍာန်ထူးတစ်ခုကို မြင်လို့ ထင်မှတ်နေကြတုန်းမှာပဲ အဲ့ဒါက လျင်မြန်စွာ ပျောက်ကွယ်သွားတော့မလို ခံစားလာကြရတာပါ။
ဒါက မန်စီးတီးဖြစ်ပါတယ်။ ဒါက ဂွါဒီယိုလာဖြစ်ပါတယ်။
`ဘောလုံးရဲ့ ဒုတိယမြောက် ဂြိုဟ်သားကမ္ဘာကို ဖန်ဆင်း..´လို့ အားလုံးက ယုံကြည်နေကြတုန်းမှာပဲ မန်စီးတီး ဆုတ်ခွာသွားတာ ဖြစ်ပါတယ်။
သူတို့ ကောင်းနေတုန်းပါ။ သူတို့ရဲ့ဘာမဆိုဖြစ်နိုင်ခွင့်ကို ဘယ်သူမှလည်း မငြင်းပယ်နိုင်သေးပါဘူး။
ဒါပေမဲ့ မန်စီးတီးဟာ မန်စီးတီးမြင်းမြီးကိုဆွဲပြီး လိုက်နေခဲ့ရပေါ့။ အဲ့ဒါကို ကျွန်တော်တို့သိပ်တုန်လှုပ်နေကြရတာပဲ ဖြစ်ပါတယ်။
အသင်းက နည်းဗျူဟာပိုင်း၊ ပွဲကိုချဉ်းကပ်ပုံ၊ ပိုင်ဆိုင်ရင်းစွဲ စုဖွဲ့မှု၊ ဘာတစ်ခုမှ နောက်မကျသေးပေမယ့် အဲ့ဒီသေချာမှုနဲ့ပဲ ရှေ့ဆက်လို့ မရနိုင်ဘူး ဖြစ်နေတာပါ။
ခံစစ်က ပြင်လို့မဆုံးအောင် ရှိရတယ်။ ဒီမှာ ဒီယက်ဇ်လေ၊ လာပေါ့တ်နဲ့ တွဲပေးလိုက်ရင် မပြီးလား လုပ်နိုင်ခဲ့ပေမယ့် အဲ့ဒါဖြစ်လာချိန်မှာ တောင်ပံခံစစ်တွေအားလုံး ထိသွားပြန်ပါတယ်။
ဝေါ်လ်ကာက ပင်နယ်တီပေးဖို့ ဒီကစောင့်နေသူဖြစ်ပြီး မန်ဒီက မန်ချက်စ တာဆေးရုံကို ရွေးချယ်သူ ဖြစ်လာပါတယ်။

ရိုဒရီဂိုက ရိုးစင်းလွန်းပြီး ဂန်ဒိုဂန်က စိတ်နဲ့လူနဲ့ ကပ်ပုံမရပါဘူး။ ဘာနာဒိုဆေးလ်ဗားဟာ ဒေးဗစ်ဆေးလ်ဗား ခြေရာတော်ကို စိတ်နဲ့တောင် မပစ်မှားနိုင်သူ ဖြစ်လာပါတယ်။
မာရက်ဇ်က လက်စတာမာရက်ဇ်နဲ့ ကွဲပြားတဲ့မျက်နှာဖုံးကို စွပ်ခဲ့တယ်။
ဆာနေးရဲ့ပေါက်ကွဲအားဆီ ဖာရန်တောရက်စ်နဲ့ ဖြည့်လိုက်တာ အင်မတန်မှ စိတ်ဝင်စားဖို့ကောင်းပေမယ့် ကောင်လေးက စပိန်လက်ရွေးစင်အသင်းမှာလိုတောင် ဒီမှာမဖြစ်သေးပါဘူး။
စတာလင်က ဖင်ကောက်ရုံမကဘူး၊ ကမ္ဘာကောက်ပြီပါ ဖြစ်လာတယ်။ စတာလင်က စတာလင်နဲ့ အခေါ်အပြော မရှိတော့ဘူး ဖြစ်လာတယ်။
အဂွေရိုက လူအိုဇာတိမှာ၊ ဂျီးဆပ်စ်က လူလည်လုပ်နည်း စာအုပ်ထဲမှာ နေရာယူခဲ့ကြတော့ ပတ်ပ်ကတုံးရဲ့ ပြတ်တုန်းလပ်တုန်း မန်စီးတီးကို မြင်တွေ့ရတာ မထူးဆန်းတော့ပါဘူး။
အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့တာက ကြိုဆိုရမှာပါ။ ဒါပေမဲ့ သူ့ရဲ့ပြန်လည်တည်ဆောက်ခန်း စတင်ရတော့မှာကိုက ဘဝင်မကျစရာ ဖြစ်ရသလို အဲ့ဒါက ထင်ထားတာထက် ပိုပြီးခက်ခဲတော့မယ်လု့ိ ရိပ်မိနေရတာက ကြေကွဲစရာ ဖြစ်လာပါတယ်။
ကျွန်တော်က ဂွါဒီယိုလာအပေါ် အသက်ညှာဆုံး တွေးခေါ်ပါတယ်။ ဒါပေမဲ့ ဒီရာသီ ပွတ်တိုက်သွားမှုတွေကတော့ သူဟာ ဘုရင်ကြီးတစ်ပါး မဟုတ်တော့ကြောင်း၊ ဘုရင်ဆိုရင်တောင် နန်းကျဘုရင်ဖြစ်ကြောင်း ပွဲဖြစ်စဉ်နဲ့ ရလဒ်တွေက သက်သေခံနေပါတယ်။
မန်စီးတီးဟာ ၇ ပွဲဆက်တိုက် ကြေးကျသွားမယ်လု့ိ ဘယ်သူကများ ယုံနိုင်မှာတဲ့လဲ။

ဒါပေမဲ့ ဖြစ်ခဲ့တယ်။ မန်စီးတီးဟာ အဆင့် ၁၃ ထိ ထိုးဆင်းသွားမယ်လို့ ဘယ်လို key နဲ့ သီဆိုနိုင်ပါ့မလဲ။
ဒါပေမဲ့ အဲ့ဒါကို အခုကြားခဲ့ကြရပြီပေါ့။ ကမ္ဘာကြီးက ကြမ်းစရာရှိရင် လက်ကုန်ပဲ။
ဒီမှာ မော်ရင်ညိုကို ဂိုးပြတ်ရှုံးပြီး အထိနာခဲ့ရချိန်မှာ ကျွန်တော်တို့ ဖြေသာအောင် ဖြေခဲ့ကြတာပဲ မဟုတ်လား။
ဟိုမှာ၊ လီဗာပူးမှာဆိုရင် ကိုဗစ်က အခြားသော ဒဏ်ရာတွေနဲ့ ရောလို့သမလု့ိ မွှေချင်တိုင်း မွှေနေတာပါ။
သူတို့ ဘယ့်နှယ်လုပ်ပြီး လက်စတာကို နိုင်ပါ့မလဲပေါ့လေ။

ဗန်ဒိုက်နဲ့ ဂိုမက်ဇ်မရှိဘူး၊ နောက်ထပ် အာနိုးမရှိဘူး၊ နောက်ထပ် ဆာလာမရှိဘူး။
ပြီးတော့ ကပ္ပတိန်ဟန်ဒါဆင်၊ ရှာကွီရီ၊ ချမ်ဘာလိန်တဲ့၊ အယ်လ်ကန်တာရာတို့ မရှိကြဘူး။
အဲ့ဒီ မရှိဆင်းရဲနဲ့ပဲ လက်စတာကို နှိမ်ကစားခဲ့သတဲ့၊ ဂိုးပြတ် ကစားခဲ့သတဲ့။ ထိပ်ဆုံးမှာ စပါးနဲ့ ယှဉ်တွဲရပ်ခဲ့သတဲ့။
ဘယ့်နှယ် လီဗာပူးပါလိမ့်။ ဒါကပဲ ဂျာဂင်ကလော့ပ်ဖြစ်တယ်။ ဒါကပဲ နည်းပြကောင်းတစ်ယောက်ရဲ့ ရှင်းလင်းသေချာမှုဖြစ်တယ်။
ဒါကပဲ မက်ဆီမရှိရင် ဘာမှမရှိဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အတိကျဆုံး ခြားနားချက်ဖြစ်ပါတယ်။
ဖာဘင်ဟိုရဲ့ ကြံ့ခိုင်မှုအပေါ် သံသယရှိပေမယ့် မာတစ်နဲ့ တွဲပေးလိုက်တယ်။ အာနိုးလေးနဲ့ မဟုတ်ဘူး၊ ဂျိမ်းစ်မီလ်နာကြီးနဲ့လည်း ဖြစ်တဲ့အကြောင်း အသံပြုတယ်။
ကွင်းလယ်မှာ ကာတစ်ဂျုံးစ်ကို ချိန်သားကိုက် ပွဲထုတ်တယ်။ ဂျိုတာဟာ မှော်ဆရာလက်ထဲက ဂျိုကာဖြစ်လာတယ်။

ထူးချွန်သူတွေဆိုတာ ငိုညည်းနေဖို့မဟုတ်ဘူး။ မုန်တိုင်းထဲက ဖောက်ထွက်ရဲသူတွေသာ ဧကရာဇ်တို့ရဲ့တော်ဝင်ကျမ်းကို ရေးဖွဲ့နိုင်ပေတာပဲ။
ဒါဟာ ပရီးမီးယားလိဂ်ရဲ့ နောက်ဆုံးအသံတွေထဲက အထင်ရှားဆုံး ထောင့်ချိုးတစ်ခုကို တင်ပြလိုရင်း ဖြစ်ပါတယ်။ ကျွန်တော် အဲ့ဒီလိုရှိပါတယ်။