ဥရောပ ထိပ်တန်းလိဂ် ၅ ခုတွင် ပွဲတိုင်း အနိုင်ရသောအသင်းက မီလန်နှင့် ဗီလာတို့သာရှိ

ဥရောပတိုက်၏ အဆင့်အမြင့်ဆုံး အမှတ်ပေးပြိုင်ပွဲ ၅ ခုဟု သတ်မှတ်ထားသော ထိပ်တန်းလိဂ် ၅ ခုတွင် ရာသီ အစ ပွဲတိုင်းအနိုင်ရထားသော အသင်းက အီတလီစီးရီးအေမှ အေစီမီလန်နှင့် အင်္ဂလန် ပရီးမီးယားလိဂ်မှ အက်စတွန်ဗီလာတို့ဖြစ်ကြောင်း ဘောလုံးလောက၏ အချက်အလက်များအား ဖော်ပြသည့် opta က ဖော်ပြသည်။

အင်္ဂလန် ပရီးမီးယားလိဂ်၊ စပိန်လာလီဂါ၊ အီတလီစီးရီးအေ၊ ဂျာမန် ဘွန်ဒက်စ်လီဂါနှင့် ပြင်သစ်လီဂူးပြိုင်ပွဲတို့ကို ဥရောပတိုက်၏ အဆင့်အမြင့်ဆုံး လိဂ်ပြိုင်ပွဲ ၅ ခုဟု သတ်မှတ်ထားသည်။

၂၀၂၀-၂၀၂၁ ဘောလုံးရာသီကို ကျင်းပနေသည်မှာ တစ်လကျော် ကြာမြင့်နေပြီဖြစ်ပြီး ပရီးမီးယားလိဂ်တွင် ကစားသမျှပွဲတိုင်း အနိုင်ရထားသော အသင်းက အသင်းကြီးတစ်သင်းမဟုတ်ဘဲ နည်းပြဒင်းစမစ်၏ အက်စတွန်ဗီလာဖြစ်သည်။

ယမန်နှစ်ရာသီက တန်းမဆင်းရရန် အသေအလဲ ကြိုးစားကာ အဆင့် ၁၇ နေရာဖြင့် ကံကောင်း၍ တန်းတင်ကျန်ရစ်ခဲ့သော ဗီလာသည် ယမန်နေ့ညက ပရီးမီးယားလိဂ် ချန်ပီယံဟောင်း လက်စတာနှင့် ကစားသော အဝေးကွင်းပွဲတွင် ကွင်းလယ်လူ ဘာကလေ၏ နောက်ကျသွင်းဂိုးကြောင့် ၁-၀ ဂိုးဖြင့် အနိုင်ယူကာ ရာသီအစ လိဂ် ၄ ပွဲဆက် အနိုင်ရထားသည်။

ဗီလာသည် ပရီးမီးယားလိဂ် ပွဲစဉ် ၅ အပြီး ဇယားထိပ်ဆုံးမှ ၅ ပွဲကစား ၁၃ မှတ်ရထားသော အဲဗာတန်၏နောက် တစ်ပွဲလျော့ကစားကာ ရမှတ် ၁၂ မှတ်ဖြင့် ဒုတိယနေရာမှ ဖိအာပေးလျက်ရှိသည်။

ထို့အတူ အေစီမီလန်ကလည်း ခါးသီးမြို့ခံပြိုင်ဘက် အင်တာမီလန်ကို ဝါရင့်တိုက်စစ်မှူး အီဘရာဟီမိုဗစ်၏ သွင်းဂိုးများကြောင့် ၂-၁ ဂိုးဖြင့် အမှတ်ပြည့်ရယူကာ ရာသီအစ စီးရီးအေ ၄ ပွဲဆက်တိုက် အနိုင်ရရှိထားသည်။

နည်းပြပီအိုလီ၏ အေစီမီလန်သည် စီးရီးအေ ပွဲစဉ် ၄ အပြီး ပွဲတိုင်းအနိုင်ယူကာ ဒုတိယနေရာမှ ဆာဆူအိုလိုအား ၂ မှတ်ဖြတ်ကာ ရမှတ် ၁၂ မှတ်ဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေသည်။

အေစီမီလန်သည် ၁၉၉၅-၁၉၉၆ ဘောလုံးရာသီနောက်ပိုင်း ၂၅ နှစ်တာအတွင်း ရာသီအစ လိဂ် ၄ ပွဲဆက်တိုက် အနိုင်ရသော ပထမဆုံး ရာသီအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

Ref:optastats

Facebook Comments Box
Facebook Comment