ဥရောပပရီးမီးယားလိဂ်အစီအစဉ်ကို ဖီဖာဥက္ကဌအင်ဖာတီနို မထောက်ခံ

ဖီဖာဥက္ကဌဂီယန်နီအင်ဖာတီနိုသည် ဥရောပစူပါလိဂ်အစီအစဉ်ကို ကန့်ကွက်လိုက်သည်။ အစောပိုင်းတုန်းက ဖီဖာဥက္ကဌသည် ယူနိုက်တက်၊ လီဗာပူး၊ ရီးရဲလ်မက်ဒရစ်တို့၏ ဥရောပပရီးမီးယားလိဂ်ပြိုင်ပွဲအစီအစဉ်ကို ထောက်ခံကြောင်း သတင်းထွက်နေသူ ဖြစ်သည်။

ဥရောပထိပ်သီးကလပ်များသည် ၂၀၂၂-၂၃ ရာသီတွင် အသင်း ၁၈ သင်း ပါဝင်သည့် ဥရောပပရီးမီးယားလိဂ်ဖလားပြိုင်ပွဲကို ကျင်းပရန် စီစဉ်နေပြီး ယင်းပြိုင်ပွဲတွင် ထောက်ပံ့ငွေ ပေါင် ၄.၆ ဘီလီယံ ရရှိထားပြီးလည်း ဖြစ်သည်။ အကယ်၍ ဥရောပပရီးမီးယားလိဂ်ဖလားပြိုင်ပွဲသာ ပေါ်ပေါက်လာပါက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အဆုံးသတ်လာမည် ဖြစ်သည်။ ဥရောပထိပ်သီးကလပ်များသည် ဝင်ငွေ ပိုမို ရရှိရေးအတွက် ဥရောပပရီးမီးယားလိဂ်ဖလားအစီအစဉ်ကို လုပ်ဆောင်နေကြခြင်းလည်း ဖြစ်သည်။

အထူးသဖြင့် ပရီးမီးယားလိဂ်ထိပ်သီးများဖြစ်သည့် ယူနိုက်တက်၊ လီဗာပူး၊ မန်စီးတီး၊ ချဲလ်ဆီး၊ အာဆင်နယ်တို့သည် ပရီးမီးယားလိဂ်အား ၁၈ သင်းသို့ လျှော့ချကာ ရုပ်သံလွှင့်ခဝင်ငွေကို လက်ဝါးကြီးအုပ် ရယူရေး ကြိုးပမ်းမှု မအောင်မြင်ပြီးနောက် ဥရောပပရီးမီးယားလိဂ်ဖြစ်လာရေး အဓိကနေရာမှ လုပ်ဆောင်နေကြခြင်းလည်း ဖြစ်သည်။

သို့ရာတွင် အင်ဖာတီနိုက ၎င်းမှာ ဥရောပစူပါလိဂ်အစီအစဉ်ကို လက်မခံကြောင်းနှင့် ဖီဖာကမ္ဘာ့ကလပ်ဖလားပြိုင်ပွဲကိုသာ အသင်းအရေအတွက် တိုးမြှင့်ပြီး လူစိတ်ဝင်စားအောင် လုပ်ဆောင်ရန် စီစဉ်ထားကြောင်း ပြောကြားလိုက်သည်။

အင်ဖာတီနိုက “ဖီဖာဥက္ကဌတစ်ယောက်အနေနဲ့ ဖီဖာကမ္ဘာ့ကလပ်ဖလားပြိုင်ပွဲကိုဘဲ စိတ်ဝင်စားပါတယ်။ စူပါလိဂ်ကို စိတ်မဝင်စားပါဘူး။  ဘိုင်ယန်နှင့် လီဗာပူး ယှဉ်ပြိုင်ကစားတာ စိတ်မဝင်စားပါဘူး။ ဘရူနိုအေရက်စ်မှာ ဘိုင်ယန်နှင့်ဘိုကာဂျူနီယာကစားတာကိုဘဲ စိတ်ဝင်စားပါတယ်။ လီဗာပူးမှာ တစ်ကမ္ဘာလုံးမှာ ဘောလုံးပရိသတ် သန်း ၁၈၀ ရှိတယ်။ ဖလာမင်ဂိုမှာ ပရိသတ်သန်း ၄၀ ရှိတယ်။ ဖလာမင်ဂို ပရိသတ် သန်း ၄၀ ထဲက ၃၉ သန်းက ဘရာဇီးမှာ ရှိပါတယ်။ ဒါပေမယ့် လီဗာပူးမှာ အင်္ဂလန်မှာ ပရိသတ် ၅ သန်းဘဲ ရှိတယ်။ အခြား ၁၇၅ သန်းက ကမ္ဘာအနှံ့က ပရိသတ်တွေပါ။ အနာဂတ်မှာ ဥရောပပြင်ပက ကလပ်တွေကို တစ်ကမ္ဘာလုံးက စိတ်ဝင်စားလာအောင် လုပ်ချင်ပါတယ်”ဟု ပြောကြားသွားသည်။

ယခုကဲ့သို့ ဖီဖာဥက္ကဌက ဥရောပပရီးမီးယားလိဂ်ဖလားပြိုင်ပွဲအား ကန့်ကွက်မှုက ဥရောပထိပ်သီးကလပ်များအတွက် ကြီးမားသည့် ထိုးနှက်ချက်တစ်ခု ဖြစ်နေသည်။ ၎င်းတို့၏ ဥရောပပရီးမီးယားလိဂ်ဖလားပြိုင်ပွဲ ကျင်းပရေးမှာ ဖီဖာထောက်ခံချက် ရရှိရန် အလွန် အရေးကြီးနေသည်။

လက်ရှိအချိန်မှာ ဘောလုံးလောကသားအမြောက်အမြားတို့ကလည်း ဥရောပပရီးမီးယားလိဂ်ပြိုင်ပွဲအစီအစဉ်ကို ကန့်ကွက်နေသည်။

Facebook Comments Box
Facebook Comment