ဥရောပစူပါဖလားပွဲသို့ ပရိသတ်ဝင်ခွင့်ပေးသွားမည်ဟု ယူအီးအက်ဖ်အေ အတည်ပြု

မကြာသေးမီတုန်းက Sky Sports Italia က လာမည့် ဥရောပစူပါဖလားပွဲတွင် ပရိသတ်များကို ကွင်းအတွင်းသို့ ဝင်ရောက်ကြည့်ခွင့်ပေးသွားမှာ ဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။

ယနေ့မှာ ယူအီးအက်ဖ်အေကိုယ်တိုင်က ဘိုင်ယန်မြူးနစ်နှင့်ဆီဗီလာတို့ ရင်ဆိုင်ကစားကြမည့် ဥရောပစူပါဖလားပွဲစဉ်ကို ပရိသတ်များ ဝင်ရောက်ကြည့်ခွင့်ပေးသွားမှာ ဖြစ်ကြောင်း တရားဝင် ကြေညာလာပြီ ဖြစ်သည်။

ချန်ပီယံလိဂ်ချန်ပီယံ ဘိုင်ယန်မြူးနစ်နှင့် ယူရိုပါလိဂ်ချန်ပီယံ ဆီဗီလာတို့၏ ဥရောပစူပါဖလား ပွဲစဉ်ကို လာမည့် စက်တင်ဘာလ ၂၄ ရက်နေ့တွင် ဘူဒါပတ်စ်၌ ကစားသွားမည်ဖြစ်သည်။

ယူအီးအက်ဖ်အေသည် ဥရောပစူပါဖလားပွဲတွင် ပရိသတ် ၃၀ ရာခိုင်နှုန်းလျှော့ချကာ ကွင်းအတွင်းသို့ ဝင်ရောက်ကြည့်ခွင့်ပေးသွားမည်ဖြစ်သည်။ ယူအီးအက်ဖ်အေက “ယနေ့မှာ ယူအီးအက်ဖ်အေအမှုဆောင်ကော်မတီက ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့မှာ ဘူဒါပတ်စ်မှာ ကစားမယ့် ၂၀၂၀ ယူအီးအက်ဖ်အေစူပါဖလားပွဲကို ကွင်းရဲ့ဝင်ဆန့်ပရိသတ်ရဲ့ ၃၀ ရာခိုင်နှုန်းအထိ လျှော့ချပြီး ပရိသတ်တွေကို ဝင်ရောက်ကြည့်ခွင့်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါ့အပြင် ယူအီးအက်ဖ်အေက နောက်ဆုံး ဆုံးဖြတ်ချက်မချခင်အထိ အခြား ယူအီးအက်ဖ်အေပွဲအားလုံးကို တံခါးပိတ်ကစားရမှာ ဖြစ်ကြောင်း အတည်ပြုလိုက်ပါတယ်”ဟု ထုတ်ပြန်ကြေညာသွားသည်။

Ref: uefa

Facebook Comments Box
Facebook Comment