ဥက္ကဌရွေးကောက်ပွဲကို စောပြီး ကျင်းပသွားတော့မည့် ဘာစီလိုနာ

ဘာစီလိုနာသည် လာမည့် ဥက္ကဌရွေးကောက်ပွဲကို ၂၀၂၁ ခုနှစ်၊ မတ်လတွင် ကျင်းပသွားမှာ ဖြစ်ကြောင်း ကြေညာသွားသည်။ အစောပိုင်းတုန်းက ဘာစီလိုနာဥက္ကဌရွေးကောက်ပွဲကို ၂၀၂၁ ခုနှစ်၊ နွေရာသီတွင်မှ ကျင်းပရန် စီစဉ်ထားခဲ့တာပါ။ သို့ရာတွင် ဘာစီလိုနာသည် ပြီးခဲ့သည့် ၂၀၁၉-၂၀ ရာသီတွင် ဆုဖလားလက်မဲ့ဖြစ်ခဲ့မှု၊ ဘိုင်ယန်မြူးနစ်ကို ၈-၂ ဂိုးဖြင့် အရှက်တကွဲရှုံးနိမ့်ကာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှ ထွက်ခွာခဲ့ရမှုတို့နှင့်အတူ ဥက္ကဌရွေးကောက်ပွဲအား စော၍ ကျင်းပရန် ဆုံးဖြတ်လာခဲ့ခြင်းဖြစ်သည်။ လက်ရှိ ဘာစီလိုနာဥက္ကဌဘာတိုမြူမှာ လာမည့်နှစ်တွင် ဥက္ကဌသက်တမ်းကုန်ဆုံးမှာ ဖြစ်ပြီး ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမှာ မဟုတ်ပါဘူး။ ဘာတိုမြူသည် ဘာစီလိုနာဥက္ကဌအဖြစ် သက်တမ်းနှစ်ခု တာဝန်ထမ်းဆောင်လာသူဖြစ်၌ ထပ်မံ ရွေးချယ်ခံ၍ မရတော့ပါဘူး။ သို့သော် ဘာတိုမြူအနေဖြင့် လက်ရှိဘုတ်အဖွဲ့ဝင်မှ သူ့လူတစ်ဦးဦးကို ရွေးကောက်ပွဲဝင်ခွင့်ပေးနိုင်ပါသေးသည်။

ဘာတိုမြူသည် ၂၀၁၄ ခုနှစ်တုန်းက ဆန်ဒရိုရိုဆဲလ် ရာထူးမှ နုတ်ထွက်သွားပြီးနောက် ဒုဥက္ကဌရာထူးမှ ဥက္ကဌရာထူးကို လွဲပြောင်းတာဝန်ထမ်းဆောင်လာခဲ့သူဖြစ်သည်။ လက်ရှိအချိန်တွင် ဘာစီလိုနာဥက္ကဌရာထူးအတွက် ယှဉ်ပြိုင်မည်ဟု ဗစ်တာဖောင့်၊ ဥက္ကဌဟောင်းလာပေါ်တာတို့က ကြေညာသွားသည်။ ဘာစီလိုနာသည် ဘိုင်ယန်မြူးနစ်ကို ၈-၂ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် ယခုနွေရာသီတွင် အသင်းကို အကြီးအကျယ်အပြောင်းအလဲ လုပ်ရန် စီစဉ်ထားပြီး ပထမဆုံးအပြောင်းအလဲလုပ်မှုအဖြစ် နည်းပြဆီတိန်းအား ရာထူးမှ ထုတ်ပယ်ထားပြီးဖြစ်သည်။ လက်ရှိအချိန်တွင် ဘာစီလိုနာနည်းပြဖြစ်လာရန် နယ်သာလန်နည်းပြကိုးမန်းက ထိပ်ဆုံးမှ ရေပန်းစားလျက်ရှိနေသည်။

ဘာစီလိုနာသည် တစ်နှစ်သက်တမ်းသာ ကျန်ရှိတော့သည့် မက်ဆီ၏အနာဂတ်ကိုလည်း ဆုံးဖြတ်ရတော့မည့်ကာလသို့ ရောက်နေသည်။ အစောပိုင်း သတင်းများအရ မက်ဆီသည် ယခုနွေတွင် အသင်းပြောင်းခွင့်ပေးရန် ဘာစီလိုနာထံသို့ အကြောင်းကြားထားကြောင်း သိရသည်။

Ref: Barcelona

Facebook Comments Box
Facebook Comment