
အဲ့ဒီနိုင်ငံတော် ဘယ်တော့ ပြန်ခမ်းနားမှာလဲ
ထွန်းထွန်းဦး(လှိုင်) ရေးသားသည်
ပြောစရာရှိတာတော့ ပြောရမှာပေါ့လေ။
လုပ်နေတာတွေက ဟုတ်မှမဟုတ်တာကို…မပြောမပြီး၊ မတီးမမြည်ဆိုသလို ပြောစရာကိုတော့ ပြောကိုပြောမှ ရပါလိမ့်မယ်။ စီးပွားရေး-အားကစားလား၊ အားကစား-စီးပွားရေးလား။ ဘာမှန်းကို မသိတော့တာပါ။
သူများတွေနဲ့ယှဉ်ရင် ပြောစရာတစ်ခုဖြစ်အောင် အမြဲတမ်း ရပ်တည်နေနိုင်တာကြီးကိုက အောင်မြင်မှုလား။ အတိတ်မှာ အိပ်ပြီး တစ်ရေးနိုး ရေထသောက် ငါတို့အောင်မြင်ခဲ့ဖူးတယ်ဆိုတာမျိုးကို အကြိမ်ကြိမ် ရေရွတ်ပြီး ပြန်အိပ်နေပေးရဦးမှာလား။
မန်ယူဟာ အသံထူထူနဲ့ အောင်လံလွှင့်ထူခဲ့ဖူးတာမျိုး ဘယ်တော့ ပြန်ရပါဦးမလဲ။ ဘယ်တော့ ပြန်ခန့်ညားနိုင်ပါဦးမလဲ။ အောင်လံမလဲစတမ်း ညံခဲ့ဖူးတဲ့ နိုင်ငံတော်တစ်ခုဆီက အတိတ်တွေ ဆိတ်သုဉ်းခဲ့တာ ဘယ်လောက်ကြာခဲ့ပါပြီလဲ။

ခေတ်တွေပြောင်းလဲလာလို့ အားပေးတဲ့ အမူအကျင့်နဲ့ ပရိသတ်မျိုးဆက်တွေ ပြောင်းသွားပါစေဦးတော့… ဝဲဘတ်ရင်အုံပေါ်က တံဆိပ်တွေအတွက် အဆိပ်ခတ်လည်း ရဲရဲသောက်မြိုချမယ့် ပရိသတ်စစ်စစ်တွေကတော့ ကမ္ဘာမှာ မန်ယူကျန်နေသမျှ ကာလပတ်လုံး အားပေးဖို့ အသင့်ရှိနေသေးတယ်ဆိုတာ မန်ချက်စတာမြို့တော်ကြီးမှ ဘောလုံးအသင်းတစ်သင်းရဲ့တာဝန်ရှိသူတွေ သိပါလေစ။
ထားပါ။ ဒါတွေပြောရင် ဒေါတွေပါလိမ့်မယ်။ လူတိုင်းလည်း ပြောကြတယ်။ ပြောကြတိုင်း ဖြစ်တာမှမဟုတ်တာ။
ခင်ဗျားတို့နားမလည်တဲ့ ငွေကြေးကိန်းဂဏန်းတွေ နောက်ကွယ်မှာ အခက်အခဲတွေ အများကြီးရှိတယ်ဆိုတာမျိုးနဲ့တော့ လာကိုင်မပေါက်နဲ့ ကိုယ့်ဆရာ။
အရာရာမှာ အတိုင်းအထွာရှိတယ်။ စည်းဆိုတာလည်း နားလည်တယ်။ သူ့အခြမ်း ကိုယ့်အခြမ်းဆိုတာလည်း သိတယ်။
ဒါပေမဲ့ မန်ယူကို မြှင့်တင်ရေးလမ်းစဉ်တွေ အများမိုးခါးရေသောက်သလို လိုက်သောက်တာမျိုးမဟုတ်တာတောင် တစ်ခုခုတော့ စီမံကိန်းထား ယုံကြည်မှုလေးတစ်ခုနဲ့ တည်ဆောက်စေချင်တယ်။
အပြောတွေ လျှော့ပေးပါ။ အလုပ်နဲ့သက်သေပြပါဆိုတာမျိုး ပရိသတ်ထုက မြင်ချင်နေခဲ့တာကြာပြီပေါ့။
ဒီဇန်နဝါရီတုန်းကလည်း ဟုတ်မလိုလိုနဲ့ အဖျားရှုး… လူခေါ်ယူမှုက ထင်သလိုမှ မဟုတ်တာပါ။ဒါတောင် ဘရူနိုဖာနန်ဒက်စ်က ဝင်ထောက်နေလို့ ခုသာခံသာလေးရှိခဲ့တာကို ကျေနပ်စရာလို့ မထင်လိုက်ပါနဲ့ဦး။

မန်ယူကစားခဲ့တဲ့ ပရီးမီးယား ဇာတ်တော်အဖွင့်မှာ အိမ်ကွင်း အရှက်လှလှကွဲခဲ့တာကို ပြန်သုံးသပ်ကြည့်ရင် ကိုယ့်ရဲ့ အပြစ်အနာအဆာ ဘယ်လောက်အထိ ကြမ်းရှသလဲဆိုတာ မန်ယူမဟုတ်တဲ့ အခြားတစ်ဖက်လမ်းမပေါ်က ဈေးကစားတဲ့ ပရိသတ်အချို့တောင် ပဲလေ့စ်နဲ့အတွေ့မှာ ရင်ဘတ်ဟောင်းလောင်းပေါက်ကြီးနဲ့ရယ်။
အချိန်လေးရှိတုန်း ဘာဆက်လုပ်ကြမလဲ။ ဒီအတိုင်းသွားမလား၊ ဒီအတိုင်းထားမလား။ အပေါက်တွေကို ဖာထေးချိန်တန်ပြီလို့ အော်နေဟစ်နေတာလည်း ကြာပါပြီ။
အော်သံတွေသာ တိုးသွားတယ်။ သက်ဆိုင်သူများကတော့ ဒုံရင်းက ဒုံရင်းပါပဲ။ သေချာတာတစ်ခုကို ပြောရမယ်ဆိုရင် Win-Win ဆိုတဲ့အတိုင်း မဟုတ်တဲ့ ပရိသတ်မျက်နှာ နည်းနည်းမှမကြည့်ပဲ သွားတဲ့သူတွေလိုမျိုး ဖြစ်လာပြီလို့သာ ပြောရတော့မှာပါ။
သူများ သူဌေးတွေနဲ့ ကွာပတဲ့၊ လုပ်ကွက်တွေက ဟန်ကိုမကျဘူးတဲ့။ အသံတွေက ဘယ်လောက်ပဲ ဆူဆူညံ၊ ဂရုစိုက်မှုလေးတွေက နည်းနည်းလေးမှကို မရှိတာပါ။
တစ်ခါသားကလည်း အိမ်ကို ခဲနဲ့ထုလိုက်လို့ CEO ခမျာ လူသစ်တွေကို ခပ်မြန်မြန်လေးနဲ့ တစ်ဖက်က မဲတင်းပြီးထားတဲ့ဈေးကို မဆစ်နိုင်တော့ဘဲ ချက်ချင်းဝယ်ပေးလိုက်တာမျိုး ရှိခဲ့ဖူးတယ်ဆိုတော့ အချို့ကလည်း အဲ့ဒီနည်းလမ်းကို ပြန်လိုက်ဖို့ မျှော်ရည်နေပေမယ့် ကိုဗစ်ကာလနဲ့ စီစီတီဗီအကျိုးဆက်ရဲ့ ဥပဒေပြစ်ဒဏ်ကို လူမှုရေးအသိနဲ့ မိုက်ရူးရဲ မဆန်ချင်လို့သာ ငြိမ်နေကြတာပါ။
စိတ်ထဲမှာတော့ ကလိကလိရယ်။ ( နောက်ဆုံးသတင်းတွေအရ ဆရာသမားက သူ့အိမ်ကို အရောင်းတင်ပြီး မိသားစု အသက်ဘေး ရန်ရှာခံထိမှာစိုးလို့ဆိုတဲ့ ခေါင်းစဉ်တပ်ကာ ပြောင်းပြေးသွားပြီတဲ့လေ)

တကယ်ပါ။ လူကောင်းတစ်ယောက်ရဖို့ တော်တော်ခက်နေပါသလား။ ပလန်တွေ ဘယ်လောက်အထိ ရှိထားပါသလဲ။ စာရွက်ပေါ်မှာ ဆန်ချိုတစ်ယောက်တည်းခေါ်ဖို့ ပြင်ဆင်ထားတာလား။ ဆန်ချိုမှမဟုတ်ရင် မခေါ်တော့ဘူးလား။
ခံစစ်ပိုင်း၊ ကွင်းလယ်ပိုင်း၊ တိုက်စစ်ပိုင်း တစ်ယောက်စီမက လိုအပ်နေတဲ့အချိန်မှာ ဆန်ချိုရောက်မှ ထတောက်မယ့် မန်ယူဖြစ်နေတာကိုတော့ အံ့သြဘနန်း ဖြစ်မိတယ်။
အချိန်တော်တော်များများက ဆန်ချိုနဲ့တင် ကုန်ဆုံးဖြစ်တယ်။ နှမြောတာက လူကောင်းတွေ များစွာ လက်လွှတ်လိုက်ရတယ် ဆိုတာပါပဲ။
ဒီနိုင်ငံတော် ပြန်လည်စိမ်းလန်းလာရေးဟာ တကယ့်ကို အချိန်ယူထူထောင်ရမယ်ဆိုတာ သိနေကြပေမယ့် ဖာဂူဆန်အလွန်မှာတော့ အခုအချိန်နဲ့ပြန်နှိုင်းယှဉ်ရင် ဘာမှကို မဖြစ်ထွန်းလာသေးဘူးဆိုတာ သိသာနေစေတယ်။
မန်ယူရဲ့အရှိတရားဟာ ခေတ်ကို ရင်ဘောင်တန်းဖို့ အချိန်တွေ ထပ်လိုသလို အပြောင်းအလဲ တွေလည်း လိုလာပြီ။ ပြောရမယ်ဆိုရင် အမေရိကန်သူဌေးတွေ ပိုင်ဆိုင်လိုက်ပြီးကတည်းက ဒီအဖြစ်တွေက ဒီရေလို တိုးတိုးလာခဲ့တာဟာ ကိုဗစ်မဖြစ်ခင် အချိန်အထိပဲဆိုပါတော့။

အားလုံးက အကျဘက် ဦးတည်နေခဲ့တယ်။ ပိုက်ဆံတစ်ခုတည်း မိုးတိုးမတ်တပ်နဲ့ မြားခေါင်းက အထက်ကို ဦးတည်တက်သွားရုံလောက်နဲ့တင် စီးပွားရေး-အားကစားဆိုတာ အမြတ်ထွက်နေတာမှ မဟုတ်တာပါ။
အာဆင်နယ်ကိုကြည့်… သူဌေးတွေက တစ်ပြားကို နှစ်ပြားခွာတာတောင် အချိန်တန်လို့ ပြင်ဆင်စရာကို အတိုင်းအတာတစ်ခုအောက်မှာ ငွေသားနည်းနည်းနဲ့ ကြဲကြဲဝိုင်းစေခဲ့တယ်။
အဆင်ပြေအောင်သွားဆိုတဲ့ နည်းလမ်းတစ်ခုအောက်မှာ သွားစေခဲ့တယ်။ လီဗာပူးလ်ကိုကြည့်.. သူတို့လည်း ဈေးသုံးနည်းနည်းနဲ့ အကောင်းစားတွေကို ဆုဖလားတွေနဲ့မျှားပြီး ခေါ်ခဲ့တယ်။
ကဲ… ဘယ်လောက်ကောင်းလိုက်သလဲ။ ခေတ်ဆိုတာ မျက်ခြေပြတ်လို့ကို မရတာပါ။ စီအီးအိုချင်း ကွာတယ်။ ချဲလ်ဆီးဆိုလည်း စီအီးအိုကောင်းနဲ့ လက်တံရှည်ရှည်တွေမှာ ငွေသားတွေ ချိတ်ဆွဲပြီး လိုချင်တာကို အမိအရမျှားခဲ့တယ်။
ဒါမျိုး မန်ယူမှာရှိခဲ့သလား။ နိုးပါ.. လုပ်ကွက်တွေ ပြရုံလောက်နဲ့ အဆုံးသတ်အဖြေကောင်းတစ်ခု မထုတ်နိုင်ရင် အပြောခံရမှာပါပဲ။
ပရိသတ်ဆိုတာ တောင်းဆိုမယ်။ ဖြည့်ဆည်းပေးပါ။ နိုင်ပွဲတွေကို လိုချင်တပ်မက်တယ်။ အားပေးဖို့ပဲသိတယ်။ နိုင်ပွဲတွေဆက်နေစေဖို့ပဲ လိုလားတယ်။
ပိုက်ဆံတွေ အကုန်ခံမယ်။ အချိန်တွေ အကုန်ခံမယ်။ သူတို့ချစ်တဲ့အသင်းကို အောင်မြင်စေချင်တာမျိုးကိုပဲ မြင်ချင်တယ်။ ရလဒ်မကောင်းရင် ပေါက်ကွဲမယ်။ လိုချင်တာမရရင် ကလေးတွေလိုမျိုး စိတ်ကောက်မယ်။ ဒါကတော့ ပရိသတ်ရဲ့ လုပ်ပိုင်ခွင့်တွေပါပဲ။

ကလပ်အသင်းအနေနဲ့ကတော့ ဖြစ်သင့်ဖြစ်ထိုက်တာကို ဖြစ်အောင်လုပ်ပေးရမယ့် တာဝန်ရှိပါ တယ်။ မဖြစ်နိုင်ရင် အခြားနည်းလမ်းနဲ့ အခြားပလန်ကို ရွက်ကုန်ဖွင့်ရမယ်။ အခုဟာက ဖာဂူဆန်နောက်ပိုင်း မန်ယူပြဇာတ်တွေ ထွက်လာတိုင်း ဘာမှကို လူကြိုက်မများခဲ့တော့တာပါ။
အခုဟာက မန်ယူကို တာဝန်ရှိသူတွေက စီးပွားရေးအရ ဆွဲတင်နေတာလား… အားကစားပိုင်း အရ ထိုက်သင့်သလောက်နဲ့ရပ်၊ တန်းမဆင်းရရင် ပြီးရောဆိုတဲ့မူဝါဒနဲ့ သွားနေတာလား။ မသဲကွဲတော့ဘူး။
ပီတာကင်ညွန်တို့၊ ဖာဂူဆန်တို့၊ ဒေးဗစ်ဂီးလ်တို့လို လူတန်းစားတွေ မပေါ်လာမချင်းတော့ မန်ယူဟာ အမေရိကန် ဂလေဇာ သူဌေးကြီးမိသားစုလက်အောက်မှာ ငွေကြေးအရ လှုပ်ရှားရုန်းကန်နေရတဲ့ ငွေထုတ်စက်တစ်ခုလိုမျိုးနဲ့သာ ခရီးဆက်နေဖြစ်ဦးမှာပါ။
အခုတောင် ကိုဗစ်ကို အကြောင်းပြ… ငွေကြေးဆိုင်ရာကိစ္စတွေမှာ လိုသုံးတွေ လျှော့ချပြီး လူသစ်ခေါ်ယူရေးမှာ ဆန်ချိုကို ဗန်းပြကာ ဘာတွေဆက်လုပ်ဦးမလဲဆိုတာ ကြည့်ကြသေးတာပေါ့ခင်ဗျာ။