အဲလက်စ်တဲလ်လက်စ် ကိုဗစ် အကူးခံထားရကြောင်း ဆိုးလ်ရှားအတည်ပြု

ယူနိုက်တက်နည်းပြဆိုးလ်ရှားက ဘယ်နောက်ခံလူ အဲလက်စ်တဲလ်လက်စ်မှာ ကိုဗစ်ကူးစက်ခံထားရကြောင်း အတည်ပြု ပြောကြားလာသည်။ ဆိုးလ်ရှားသည် မနေ့ညတုန်းက အိုးထရက်ဖို့ဒ်ကွင်း၌ လိုက်ဇစ်ကို ၅-၀ ဂိုးဖြင့် အနိုင်ရရှိသည့်ပွဲ အပြီးတွင် ဘရာဇီးဘယ်နောက်ခံလူမှာ ကိုဗစ်ကူးစက်ခံထားရကြောင်း အတည်ပြုလာခြင်းလည်း ဖြစ်သည်။

နွေရာသီ အပြောင်းအရွှေ့ဈေးကွက်တွင် ပေါ်တိုမှ ပြောင်းလာသည့် ဘယ်နောက်ခံလူသည် ပဲရစ်၌ ပီအက်စ်ဂျီအား အနိုင်ရရှိသည့်ပွဲတွင် ခြေစွမ်းပြကစားနိုင်ခဲ့ပြီးနောက် ယူနိုက်တက်၏နောက်ဆုံးနှစ်ပွဲဖြစ်သည့် ချဲလ်ဆီး (၀-၀)၊ လိုက်ဇစ် (၅-၀)ပွဲတို့တွင် လူစာရင်း၌ပင် အံ့ဩဖွယ် ပါဝင်ခဲ့ခြင်း မရှိချေ။ ယခုအခါ ယူနိုက်တက်နည်းပြဆိုးလ်ရှားက အဲလက်စ်တဲလ်လက်စ်မှာ ကိုဗစ်ကူးစက်ခံထားရကြောင်း အတည်ပြုလာပြီ ဖြစ်သည်။

ဆိုးလ်ရှားက “တဲလ်လစ်မှာ ကိုရိုနာဗိုင်းရပ်စ်ပေါ့စတစ်တွေ့တယ်။ သူ နားလာခဲ့ရတာ ရက်အနည်းငယ် ရှိပါပြီ။ ဘာရောဂါ လက္ခဏာမျှ မပြပါဘူး။ သူ အားလုံး အဆင်ပြေသွားမှာပါ။ မကြာခင် ပြန်ကစားနိုင်ပါမယ်” ဟု ပြောကြားသွားသည်။ သူသည် လာမည့် တနင်္ဂနွေနေ့တွင် အာဆင်နယ်နှင့် ကစားရမည့် ပွဲကိုလည်း လွဲချော်ဖွယ် ရှိနေသေးသည်။

အသက် ၂၇ နှစ်ရှိ တဲလ်လက်စ်သည် ဥ‌ရောပ၏ အကောင်းဆုံးဘယ်နောက်ခံလူများထဲမှ တစ်ဦးဖြစ်သည်။ သူသည် ပြီးခဲ့သည့် ရာသီတုန်းက ပေါ်တိုအတွက် ၁၃ ဂိုးသွင်းယူကာ ၁၂ ကြိမ် ဖန်တီးနိုင်ခဲ့သည်။

Facebook Comments Box
Facebook Comment