အဲဗာတန် ချန်ပီယံလိဂ်ဝင်ခွင့် ရရှိနိုင်ဟု ရွန်နီ သုံးသပ်

မန်ချက်စတာ ယူနိုက်တက်နှင့် အင်္ဂလန် အသင်းခေါင်းဆောင်ဟောင်း ဝိန်းရွန်နီက ယခု ဘောလုံးရာသီတွင် ရလဒ်ကောင်းများ ရရှိနေသော သူ၏အသင်းဟောင်း အဲဗာတန်သည် ချန်ပီယံလိဂ် ဝင်ခွင့်တစ်နေရာ ရရှိအောင် စွမ်းဆောင်နိုင်ကြောင်း သုံးသပ်သည်။

ဝါရင့်နည်းပြကြီး အန်ဆလော့တီ၏ ဦးဆောင်မှုအောက်တွင် အဲဗာတန်သည် ပုံစံကောင်းများ ပြသကာ စပါး၊ ဝက်စ်ဘရွန်း၊ ခရစ္စတယ်ပဲလေ့စ်နှင့် ဘရိုက်တန်တို့ကို ၄ ပွဲဆက် အနိုင်ယူခဲ့သလို ယခင်တစ်ပတ်ကလည်း လက်ရှိချန်ပီယံ လီဗာပူးလ်နှင့် ၂ ဂိုးစီ သရေ ကစားနိုင်ခဲ့သည်။

ယမန်နေ့ညက ရှက်ဖီးလ်ယူနိုက်တက်အား ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့သော လီဗာပူးလ်သည် ပရီးမီးယားလိဂ် အမှတ်ပေးဇယားတွင် အဲဗာတန်နှင့်အတူ ၁၃ မှတ်ရကာ ဒုတိယနေရာမှ ရပ်တည်နေသော်လည်း ၎င်းတို့၏ မာဆေးဆိုက်ဒါဘီ ပြိုင်ဘက်အဲဗာတန်က တစ်ပွဲလျော့ ကစားထားသည်။

အန်ဆလော့တီ၏ အသင်းသည် ယနေ့ည ဆောက်သမ်တန်နှင့် အဝေးကွင်းပွဲတွင် အနိုင်ရပါက လီဗာပူးလ်အား ၃ မှတ်ဖြတ်ကာ ဇယားထိပ်ဆုံးမှ ပြတ်ပြတ်သားသား ဦး ဆောင်နိုင်မည် ဖြစ်သည်။

၂၀၀၄ ခုနှစ်တွင် မန်ယူသို့မပြောင်းမီ အဲဗာတန်တွင် ၂ ရာသီ ကစားခဲ့သော ယူနိုက်တက်နှင့် အင်္ဂလန်အသင်း၏ ထာဝရ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်နေသည့် ရွန်နီက ချန်ပီယံလိဂ် ဝင်ခွင့်ရရန် အဲဗာတန်လုပ်ဆောင်ရမည့် တစ်ခုတည်းသော အရာက လာမည့် ဇန်နဝါရီ အပြောင်းအရွှေ့တွင် ကစားသမားသစ် အနိမ့်ဆုံး ၂ ဦးခန့် ခေါ်ယူရေးဖြစ်သည်ဟု ဆိုသည်။

ချန်ပီယံရှစ်ကလပ် ဒါဘီတွင် ကစားနေသော ရွန်နီက “ထိပ်ဆုံး ၄ သင်းဝင်ဖို့က လုပ်နိုင်တဲ့အရာပါ။ ခက်တော့ ခက်မယ်။ ဘာကြောင့်လဲဆိုတော့ ၇ သင်း၊ ၈ သင်းလောက်က ဒီနေရာရဖို့အတွက် ပြိုင်ဆိုင်နေကြလို့ပါပဲ။ ဒီနေရာနဲ့ လွဲခဲ့တဲ့ ထိပ်သီးအသင်း အချို့ကလည်း ပြန်ရဖို့ ပစ်မှတ်ထားနေတယ်။

အဲဗာတန်ကလည်း ရာသီအစမှာ ဒီနေရာကို ရယူထားတယ်။ တကယ်လို့ ဇန်နဝါရီမှာသာ သူတို့ရဲ့အစုအဖွဲ့ထဲ အန်ဆလော့တီက နောက်ထပ် ကစားသမားအသစ်တွေ ထပ်ဖြည့်ခဲ့ရင် သူတို့ အခွင့်အရေးကောင်း တစ်ခုကို ရယူနိုင်ပါလိမ့်မယ်” ဟု ပြောသည်။

Ref:goal

Facebook Comments Box
Facebook Comment