အဲဗာတန်အရှုံးအတွက် ကိုဗစ်ကို မော်ရင်ဟို အပြစ်ဖို့

အဲဗာတန်အား ရှုံးနိမ့်သည့်ပွဲအပြီးတွင် စပါးစ်နည်းပြဟိုဆေးမော်ရင်ဟိုက စပါးစ်ကစားသမားများအချို့တို့မှာ နွေရာသီတုန်းက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှု ဖြစ်ပွားခဲ့ကြကြောင်း ဖွင့်ဟပြောကြားလိုက်သည်။

ပြီးခဲ့သည့် ရာသီတုန်းက အဆင့် ၆ နေရာတွင် ရပ်တည်နိုင်ခဲ့သည့် မော်ရင်ဟို၏ စပါးစ်သည် ၂၀၂၀-၂၁ ရာသီတွင် အားကောင်းမောင်းသန်ချီတက်မည်ဟု ယူဆခြင်း ခံခဲ့ရသော်လည်း အဖွင့်ပွဲတွင် အဲဗာတန်ကို ၁-၀ဖြင့် ရှုံးနိမ့်ခဲ့သည်။ စပါးစ်အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ကယ်ဗတ်လီဝင်းက ‌ခေါင်းတိုက်သွင်းယူသွားခဲ့သည်။

မော်ရင်ဟိုက စပါးစ်မှာ ကစားသမားများစွာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရခြင်း၊ ကွာရန်တင်းဝင်ရခြင်းစသည်တို့ကြောင့် ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်များကို ကောင်းမွန်စွာ မလုပ်ခဲ့ရကြောင်း ပြောကြားသွားသည်။

မော်ရင်ဟိုက “ဟယ်ရီကိန်းက တစ်ကြိမ်ဘဲ လေ့ကျင့်ခန်းဆင်းရသေးတယ်။ မူဆာဆစ္စကိုက နှစ်ကြိမ်။ ကစားသမားတစ်ဦးချင်းစီအလိုက် မပြောတော့ပါဘူး။ ကစားသမားအားလုံးဟာ အကြောင်းပြချက်စီ ကိုယ်စီနဲ့ ပြီးပြည့်စုံတဲ့ ရာသီကြိုလေ့ကျင့်ခန်းဆင်းမှု မပြုလုပ်နိုင်ခဲ့ပါဘူး။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရ သူတွေလည်း ရှိပါတယ်။ ဘယ်ကစားသမားဆိုတာကိုတော့ ပြောဖို့မသင့်ပါဘူး။ ပြီးတော့ ပေါ့စတစ်ကစားသမားတွေနဲ့ထိတွေ့တဲ့ကစားသမားတွေကိုလည်း ကွာရန်တေးဝင်ခိုင်းရတာ ရှိတယ်။ အစိုးရရဲ့ကွာရန်တင်းလမ်းညွှန်မှုမှာ ပါဝင်တဲ့ နိုင်ငံကို ခရီးသွားခဲ့လို့ ကွာရန်တေးဝင်ရတဲ့သူလည်း ရှိပါတယ်။ ပြီးတော့ နိုင်ငံအသင်းသို့လည်း သွားကစားခဲ့ကြရတော့ ခက်ခဲတဲ့ရာသီကြိုဖြစ်ခဲ့ပါတယ်”ဟု ပြောကြားသွားခဲ့သည်။

စပါးစ်သည် အဲဗာတန်နှင့်ပွဲတွင် အကောင်းဆုံးပုံစံရရှိရန် ရုန်းကန်ခဲ့ရပြီး တိုက်စစ်မှူးဟယ်ရီကိန်းမှာ ပင်နယ်တီဧရိယာအတွင်းတွင် ဘောလုံးထိတွေ့မှု နှစ်ကြိမ်သာ ရှိခဲ့ကာ ဒီလီအလီမှာလည်း ဒုတိယပိုင်းတွင် လူစားလဲခံခဲ့ရသည်။

မော်ရင်ဟိုက “ကိုယ်က သူတို့ကို တိုက်စစ်မဆင်ဘဲ သူတို့ကို ပေါက်ကွဲခွင့်ပေးလိုက်တာနဲ့အတူတူပဲ။ ကျွန်တော်တို့ဟာ တိုက်စစ်ဆင်ကစားဖို့ ပျင်းနေခဲ့ကြတယ်။ ဒါက ကြံ့ခိုင်မှုမပြည့်ဝမှု၊ ဆိုးရွားတဲ့ ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်နဲ့ ကြုံခဲ့လို့ပါ။ ကစားသမားတစ်ချို့ဆို ရာသီကြို လေ့ကျင့်ခန်းဆင်းမှုတောင် မလုပ်ရသေးပါဘူး။ ကစားသမားတစ်ချို့က စိတ်ဓာတ်မှားယွင်းမှု ရှိတယ်။ ဒါနဲ့ပတ်သက်ပြီး မပြောချင်ပါဘူး”ဟု‌ ပြောကြားသွားသည်။

Facebook Comments Box
Facebook Comment