အဲဗာတန်ပွဲစဉ်မှ VAR ဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်ရန် လီဗာပူးတောင်းဆို

လီဗာပူးသည် စနေနေ့တုန်းက မာဆေးလ်ဆိုက်ဒါဘီပွဲစဉ်မှ VAR ၏အရေးပါသည့် ဆုံးဖြတ်ချက်နှစ်ခုအား ပြန်လည်သုံးသပ်မှု ပြုလုပ်ရန် ပရီးမီးယားလိဂ်ကို တောင်းဆိုခဲ့သည်။ လီဗာပူးသည် အဲဗာတန်နှင့် နှစ်ဂိုးစီသရေကျသည့်ပွဲတွင် နာကျင်အချိန်ပို၌ ဂျော်ဒန်ဟင်ဒါဆင်၏ အနိုင်ဂိုးကို ဆာဒိုင်ယိုမာနေးမှာ လူကျွံနေသည်ဟု VAR က ဆုံးဖြတ်မှုကြောင့် ငြင်းပယ်ခံခဲ့ရပြီး သရေဖြင့် ကျေနပ်ခဲ့ရသည်။

ထို့အပြင် လီဗာပူးနောက်ခံလူဗာဂယ်ဗန်ဒိုက်မှာလည်း အဲဗာတန်ဂိုးသမားပစ်ဖို့ဒ်၏ ကြမ်းတမ်းစွာ ဖျက်ထုတ်မှုကြောင့် ဒူးအရွတ်ဒဏ်ရာရရှိခဲ့သည်။ အင်္ဂလန်ဂိုးသမား ပစ်ဖို့ဒ်သည် ဗန်ဒိုက်ကို ကြမ်းတမ်းစွာ ဖျက်ထုတ်ခဲ့သော်လည်း အနီကတ်ပြခံရခြင်း မရှိချေ။ ဒိုင်လူကြီးက လူကျွံဘော ဖြစ်ပြီးချိန်တွင် ဖျက်ထုတ်မှု ဖြစ်၍ အရေးမယူခဲ့ ခြင်းဖြစ်သည်။

ထို့ကြောင့် လီဗာပူးသည် ဗန်ဒိုက်ကို ကြမ်းတမ်းစွာ ဖျက်ထုတ်မှုအတွက် ပစ်ဖို့ဒ်အား အနီကတ်မပြသမှု၊ ဟင်ဒါဆင်အနိုင်ဂိုးသွင်းရန် မာနေး ဘောလုံးပေးပို့စဉ် လူမကျွံမှုကို လူကျွံဘောအဖြစ် သတ်မှတ်မှုတို့အတွက် ပရီးမီးယားလိဂ်ထံသို့ ရှင်းလင်းချက် တောင်းဆိုလိုက်သည်။

မာဆေးလ်ဆိုက်ဒါဘီပွဲတွင် အဲဗာတန်တိုက်စစ်သမားရီချက်လီဆင်၏ ကြမ်းတမ်းစွာ ဖျက်ထုတ်မှုကြောင့် လီဗာပူးကွင်းလယ်ကစားသမားတီယာ ဂိုမှာလည်း ဒဏ်ရာရရှိခဲ့သည်။ ဗန်ဒိုက်မှာ ပစ်ဖို့ဒ်၏ဖျက်ထုတ်မှုကြောင့် ဒူးအရွတ်ဒဏ်ရာရရှိသွားသည်ဟု ယူဆရပြီး ကာလရှည်ကြာ အနားယူရနိုင်ကြောင်း သတင်းထွက်နေသည်။

ပရီးမီးယားလိဂ်သည် ၂ ဂိုးစီသရေဖြင့် ပြီးဆုံးသွားသည့် ပွဲမှ ဟင်ဒါဆင်၏ ဂိုးကို ခွင့်ပြုကာ ပွဲရလဒ်ပြောင်းလဲဖွယ်မရှိသော်လည်း ပစ်ဖို့ဒ်ကိုမူ အရေးယူမှု ပြုလုပ်သွားနိုင်သည်။

Facebook Comments Box
Facebook Comment