အောင်မြင်မှု ဆာလောင်ကာ စိတ်ဓာတ်လည်း မြင့်မားနေကြောင်း စပါးစ်တစ်ကျော့ပြန် ဂါရတ်ဘေးလ် ပြောကြား

စပါးစ်သည် လာလီဂါချန်ပီယံ ရီးရဲလ်မက်ဒရစ်မှ ဝေးလ်တိုက်စစ်သမား ဂါရတ်ဘေးလ်ကို တစ်ရာသီအငှားဖြင့် ခေါ်ယူလိုက်ပြီ ဖြစ်သည်။

အသက် ၃၁ နှစ်ရှိ ဘေးလ်သည် ၂၀၁၃ ခုနှစ်တုန်းက စပါးစ်မှ ရီးရဲလ်မက်ဒရစ်သို့ ထိုစဉ်က ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၈၅ သန်းဖြင့် ပြောင်းခဲ့ကာ ဘာနေဗျူးတွင် ချန်ပီယံလိဂ်ဖလား ၄ ကြိမ် ဆွတ်ခူးခဲ့သည့် အပြင် ဂိုးပေါင်း တစ်ရာကျော် သွင်းယူပေးခဲ့သည်။

ဘေးလ်က “ပြန်လာရလို့ ပျော်ပါတယ်။ ဒီကလပ်က ကျွန်တော့်ကို လူသိအောင် လုပ်ပေးခဲ့တဲ့ အထူးစပါယ်ရှယ်ကလပ် ဖြစ်ပါတယ်။ အခု ပွဲကစားနိုင်တဲ့ ကြံ့ခိုင်မှုရရှိပြီး အသင်းကို ကူညီနို်ငဖို့ မျှော်လင့်နေပါတယ်။ ပြီးတော့ ဆုဖလားတွေ ရယူနိုင်ဖို့လည်း မျှော်လင့်နေပါတယ်”ဟု ပြောကြားခဲ့သည်။

ဂါရတ်ဘေးလ်သည် ယခုလအစောပိုင်းတုန်းက ဝေးလ်လက်ရွေးစင်အတွက် သွား ရောက်ကစားစဉ် ဒူးဒဏ်ရာရရှိခဲ့သူ ဖြစ်ပြီး တစ်လခန့်အနားယူရဦးမည်ဖြစ်သည်။ သူသည် အောက်တိုဘာလ နိုင်ငံတကာပွဲစဉ်များအပြီးတွင် စပါးစ်အတွက် စတင် ကစားနိုင်ဖွယ်ရှိနေသည်။

ထို့ကြောင့် သူသည် စပါးစ်၏လာမည့်ပွဲငါးပွဲကို လွဲချော်ဦးမှာ ဖြစ်ပြီး အောက်တိုဘာလ ၁၇ ရက်နေ့ ဝက်စ်ဟမ်းနှင့် အိမ်ကွင်းပွဲစဉ်တွင်မှ စပါးစ်အတွက် ပထမဆုံးပွဲကို ကစားနိုင်ဖွယ် ရှိသည်။

ဘေးလ်သည် ၂၀၀၇ ခုနှစ်တုန်းက အသက် ၁၇ နှစ် အရွယ်တွင် ဆောက်သမ်တန်မှ ပြောင်းရွှေ့ကြေး ပေါင် ၅ သန်းဖြင့် စပါးစ်သို့ ပြောင်းရွှေ့ကစားခဲ့ဖူးသူဖြစ်သည်။ သူသည် အစောပိုင်းက ဘယ်နောက်ခံလူတစ်ဦး ဖြစ်သော်လည်း နည်းပြ ဟယ်ရီရက်နပ်က တောင်ပံကစားသမားအဖြစ် မွေးထုတ်ပေးခဲ့ခြင်းလည်း ဖြစ်သည်။

၎င်းက “ဒီက ထွက်ခွာကတည်းက ပြန်လာရရင် ကောင်းမှာဘဲ အမြဲတွေးခဲ့တာပါ။ အခုအချိန်က ကျွန်တော့်အတွက် ပြန်လာဖို့ အချိန်ကောင်း ဖြစ်ပါတယ်။ ကျွန်တော် ဆာလောင်နေတယ်။ စိတ်ဓာတ်လည်း မြင့်မားနေပါတယ်။ အသင်းအတွက် အကောင်းဆုံးလုပ်နိုင်ဖို့ မျှော်လင့်နေပါတယ်။ စတင်ကစားပေးဖို့ မစောင့်နိုင်အောင် ဖြစ်နေပါပြီ”ဟု ပြောကြားခဲ့သည်။

ဘေးလ်သည် ရီးရဲလ်မက်ဒရစ်နှင့်အတူ ချန်ပီယံလိဂ်ဖလား လေးကြိမ်အပြင် လာလီဂါဖလားနှစ်ကြိမ်၊ ကိုပါဒယ်ရေးဖလားတစ်ကြိမ်၊ ဥရောပစူပါဖလား သုံးကြိမ်၊ ဖီဖာကမ္ဘာ့ကလပ်ဖလား သုံးကြိမ် ဆွတ်ခူးနိုင်ခဲ့သူ ဖြစ်သည်။

ဘေးလ်သည် လက်ရှိအချိန်တွင် ဗြိတိန်ကစားသမားများ သမိုင်းတွင် ဈေးနှုန်းအမြင့်မားဆုံး ကစားသမားအဖြစ် ရပ်တည်နေဆဲ ဖြစ်ပြီး ရီးရဲလ်မက်ဒရစ်အတွက် လာလီဂါပွဲ ၁၇၁  ပွဲကစားခဲ့ရာမှာ ဂိုး ၈၀ သွင်းခဲ့သလို ၄၀ ကြိမ် ဖန်တီးနိုင်ခဲ့သည်။ သူသည် ၁၀၄ မိနစ်လျှင် တစ်ကြိမ် ဂိုး (သို့မဟုတ်) ဖန်တီးမှု ပြုလုပ်နိုင်သည့် မှတ်တမ်းကောင်း ရရှိထားသူလည်း ဖြစ်သည်။

Facebook Comments Box
Facebook Comment