အေစီမီလန်နှင့် ၁ နှစ်စာချုပ်ခဲ့သည့် အီဘရာဟီမိုဗစ်

ဆွီဒင် ဝါရင့်တိုက်စစ်မှူး အီဘရာဟီမိုဗစ်သည် လက်ရှိကလပ် အေစီမီလန်အသင်းနှင့် ၁ နှစ်စာချုပ် ချုပ်ဆိုလိုက်ပြီး မကြာမီ စတင်တော့မည့် စီးရီးအေရာသီသစ်တွင် အောင်မြင်မှုများရယူရန် ကြိုးစားသွားမည်ဟု ပြောသည်။

အသက် ၃၈ နှစ်အရွယ် ၎င်းသည် ၂၀၁၉ ဒီဇင်ဘာတွင် မေဂျာလိဂ်ကလပ် အယ်လ်အေဂလက်ဇီမှ ၆ လစာချုပ်ဖြင့် ပြောင်းရွှေ့လာသူဖြစ်ပြီး စီးရီးအေ ၁၈ ပွဲတွင် ၁၀ ဂိုးသွင်းကာ မီလန်အခြေစိုက်ကလပ်အား အဆင့် ၆ နေရာရစေရန် ကူညီပေးနိုင်ခဲ့သည်။

၎င်းသည် ၂၀၁၀ မှ ၂၀၁၂ အထိ အေစီမီလန်တွင် ၂ ရာသီကြာ ကစားဖူးပြီး စီး ရီးအေနှင့် အီတလီစူပါဖလား တစ်ကြိမ်စီ ရယူနိုင်ခဲ့သည်။

အီဘရာဟီမိုဗစ်သည် အသက်အရွယ်အရ အကျပိုင်းကို ရောက်ရှိနေသော်လည်း အသင်းအပေါ် အလုပ်အကျွေး ပြုနိုင်သူအဖြစ် တည်ရှိနေသောကြောင့် အေစီမီလန်က ၂၀၂၀-၂၀၂၁ ဘောလုံးရာသီကုန်အထိ ရှိနေမည့် ၁ နှစ်စာချုပ်ဖြင့် ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။

အေဂျက်စ်၊ ဂျူဗင်တပ်စ်၊ အင်တာမီလန်၊ ဘာစီလိုနာ၊ ပီအက်စ်ဂျီ၊ မန်ယူ စသည့် ဥရောပထိပ်တန်း ကလပ်များတွင် ကစားဖူးသော အီဘရာဟီမိုဗစ်သည် ယနေ့နံ နက်က အေစီမီလန်နှင့်အတူ ၁ နှစ်သက်တမ်းတိုးခဲ့ခြင်းဖြစ်သည်။

အေစီမီလန်နည်းပြ ပီအိုလီက အီဘရာဟီမိုဗစ်ကို အသင်းအတွက် အားကိုးရသူဟု ချီးကျူးလိုက်ပြီး အောင်မြင်မှုများရယူရန် အတူတကွ လက်တွဲလုပ်ဆောင်သွားမည်ဟု ဆိုသည်။

အေစီမီလန်နှင့် ၁ နှစ်စာချုပ် ချုပ်ဆိုပြီးနောက် ၎င်းက ယခုရာသီအတွက် ဝတ်ဆင်မည့် ကျောနံပါတ် ၁၁ ပါ ဂျာစီကို အင်စတာဂရမ်တွင်တင်ကာ ပရိသတ်များအား အသိပေးခဲ့သည်။

အေစီမီလန်သည် ယမန်နှစ်ရာသီက စီးရီးအေတွင် အဆင့် ၆ ရကာ ယူရိုပါလိဂ် ဒုတိယအဆင့်ခြေစစ်ပွဲ ကစားခွင့်ရထားသည်။

Ref:acmilan

Facebook Comments Box
Facebook Comment