အေစီမီလန်နှင့် သက်တမ်းတိုးရန် မိုဗစ် တံခါးဖွင့်ပေးထား

အူဒီးနိစ်အား ၂-၁ ဂိုးဖြင့် အနိုင်ရသောပွဲတွင် အေစီမီလန်အတွက် အနိုင်ဂိုး သွင်းယူခဲ့သည့် ဆွီဒင် ဝါရင့်တိုက်စစ်မှူး ဇလာတန် အီဘရာဟီမိုဗစ်က မီလန်အခြေစိုက် ကလပ်နှင့် သက်တမ်းတိုးရန် လမ်းဖွင့်ပေးထားကြောင်း ပြောသည်။

အသက် ၃၉ နှစ်အရွယ် မိုဗစ်သည် အူဒီးနိစ်နှင့်ပွဲတွင် ကက်ဆီး ဂိုးသွင်းနိုင်စေရန် ဖန်တီး ပေးခဲ့သလို ပွဲပြီးရန် ၃ မိနစ် အလိုတွင်လည်း အနိုင်ဂိုးအား နောက်ပြန်ကန်ချက်မှတစ်ဆင့် လှလှပပ သွင်းယူပေးခဲ့သည်။

မိုဗစ်သည် အနိုင်ရအသင်းအား ၃ မှတ်ပေးသည့် ၁၉၉၄-၁၉၉၅ ရာသီနောက်ပိုင်း စီးရီးအေ ၆ ပွဲဆက်တိုက် ဂိုးသွင်းနိုင်သည့် တတိယမြောက် အေစီမီလန် ကစားသမား(ရှက်ဗ်ချန်ကို-၂၀၁၁၊ ၎င်းကိုယ်တိုင်-၂၀၁၂ နှင့် လက်ရှိ ၂၀၂၀) ဖြစ်လာသည်။

ထို့အပြင် မိုဗစ်သည် လွန်ခဲ့သည့် ဇန်နဝါရီက အေစီမီလန်သို့ ပြန်လည်ရောက်ရှိလာချိန်မှစ၍ စီးရီးအေ ၂၂ ပွဲတွင် ၂၃ ဂိုး ပါဝင်ပတ်သက်(၁၇ ဂိုးသွင်း၊ ၆ ကြိမ်ဖန်တီး)ထားသည်။

အူဒီးနိစ်နှင့် ပွဲအပြီးတွင် မိုဗစ်က “မီလန်ကို စရောက်ခါစက ကလပ်ဘက်က ကျွန်တော့်ကို ရေရှည် စာချုပ်ချင်ခဲ့တာပါ။ ဒါပေမဲ့ ရိုးရိုးသားသား ပြောရရင် ကိုယ့်ကိုယ်ကိုယ်မေးတယ်။ ၆ လလောက်ပဲ စာချုပ်မယ်ပေါ့။ ဒါကို ဘယ်သူကမှ မကျေနပ်ကြပါဘူး။

လက်ရှိစာချုပ်က ဒီရာသီကုန်တဲ့အထိ ကျန်နေသေးတယ်။ ဒါပေမဲ့ လက်ရှိခြေစွမ်းအတိုင်း ဆက်ရှိနေမယ်ဆိုရင် ကျွန်တော် ပေါ်လိုမာလ်ဒီနီကို ပြောရလိမ့်မယ်။ မင်းတို့ ငါ့ကို နောက်တစ်နှစ် ထပ်မချုပ်ဘူးဆိုရင် ငါမကစားတော့ဘူးလို့ ပြောရလိမ့်မယ်” ဟု ဆိုသည်။

အေစီမီလန် နည်းစနစ်ဒါရိုက်တာ ပေါ်လိုမာလ်ဒီနီကလည်း မိုဗစ်ကို သက်တမ်းတိုးချင်သည်ဟု အောက်တိုဘာအတွင်း ပြောကြားခဲ့ပြီး ၂ နှစ်စာချုပ်ဖြင့် ကမ်းလှမ်းသွားမည်ဟု သိရသည်။

Ref:footballitalia

Facebook Comments Box
Facebook Comment