
အုပ်စုဗိုလ် ဖြစ်သွားတဲ့ နယ်သာလန်နဲ့ သမိုင်းတစ်လျှောက် ရလဒ်အဆိုးဆုံး အိမ်ရှင်
နယ်သာလန် ၂-၀ ကာတာ

ဒီပွဲမှာ အသင်းကြီး နယ်သာလန်ဟာ အုပ်စုတွင်း ရှုံးပွဲမရှိ၊ ရမှတ် ၇ မှတ်နဲ့ အုပ်စုဗိုလ် ဖြစ်သွားခဲ့ပေမယ့် ကာတာအတွက်တော့ ကမ္ဘာ့ဖလား သမိုင်းမှာ ပထမဆုံး အုပ်စုပွဲတိုင်း ရှုံးတဲ့ အိမ်ရှင်အသင်း အဖြစ် မှတ်တမ်း ဝင်သွားခဲ့ပါတယ်။
တကယ်တော့ အုပ်စုတက်ပြီးသား နယ်သာလန်ဟာ ရှုံးထွက် ၁၆ သင်း အဆင့်မှာ အုပ်စုဗိုလ် တစ်သင်းနဲ့ မတွေ့ရအောင် ဒီပွဲကို အနိုင်ကစား ခဲ့တာ ဖြစ်ပါတယ်။ တစ်ဘက်ကလည်း အုပ်စု အဆင့်ကနေ ထွက်ရဖို့ သေချာနေတဲ့ကာတာ ဖြစ်တာကြောင့် စိတ်ဓာတ်ရေးရာ ကလည်း ကွာခြား လွန်းပါတယ်။
ကမ္ဘာ့ဖလား ဒုတိယ ၃ ကြိမ် ရဖူးပေမယ့် တစ်ကြိမ်မှ ဗိုလ်မစွဲခဲ့ဖူးတဲ့ နယ်သာလန် အသင်းဟာ ကာတာကို ဂတ်ပို၊ ဒီဂျောင်တို့ရဲ့ ဂိုးတွေနဲ့ အနိုင်ရခဲ့ပြီး ဘာဂူရစ်ရဲ့ ဂိုးကိုတော့ VAR နဲ့ ပြန်ကြည့်ပြီး လက်ထိဘော ဖြစ်လို့ ပယ်ဖျက်ခံခဲ့ရပါတယ်။
ဂတ်ပိုဟာ နယ်သာလန် အသင်းမှာ ကမ္ဘာ့ဖလား ၃ ကြိမ်ဆက် ဂိုးသွင်းနိုင်တဲ့ စတုတ္တမြောက် ကစားသမားဖြစ်လာပါတယ်။