အီတူး၏ အခြေအနေ တည်ငြိမ်ကြောင်း မိတ်ဆွေများ အတည်ပြု

ကင်မရွန်းတိုက်စစ်မှူးဟောင်း ဆမ်မြူရယ်အီတူးသည် မင်္ဂလာပွဲတစ်ခုမှ အပြန်လမ်းတွင် ၎င်းမောင်းနှင်လာသော ကားနှင့် ဘတ်စ်ကားတစ်စီးတို့ ပြင်းထန်စွာ တိုက်မိခဲ့ပြီးနောက် ဆေးရုံသို့ တင်ပို့ခဲ့ရသော်လည်း အခြေအနေ တည်ငြိမ်ကောင်းမွန်ကြောင်း မိတ်ဆွေများက ပြောသည်။

ဘာစီလိုနာ၊ အင်တာမီလန်၊ ချဲလ်ဆီး၊ အဲဗာတန်စသည့် အသင်းပေါင်းများစွာ တွင် ကစားဖူးသော အသက် ၃၉ နှစ်အရွယ် အီတူးသည် တနင်္ဂနွေနေ့ ညနှောင်းပိုင်းက မင်္ဂလာဆောင်တစ်ခုအပြန် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ကင်မရွန်းနိုင်ငံ၊ ကောင်ဆမ်ဘာဒေသတွင် ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှု၌ အီတူးမောင်းနှင်လာသော အမည်းရောင် SUV ကား ခေါင်းပိုင်းတစ်ခုလုံး ကြေမွကာ ဘောနတ်မှာလည်း တွန့်ခေါက်သွားခဲ့သည်။

ကင်မရွန်းနှင့်အတူ အာဖရိကဖလား ၂ လုံး၊ ဘာစီလိုနာနှင့် လာလီဂါဖလား ၃ လုံး၊ ချန်ပီယံလိဂ် ဖလား ၂ လုံး၊ အင်တာမီလန်နှင့် ၂၀၀၉-၂၀၁၀ ရာသီတွင် တစ်ရာသီအတွင်း ဆုဖလား ၃ လုံး ရခဲ့သော အီတူးသည် ဦးခေါင်းတွင် ဒဏ်ရာအနည်းငယ် ရရှိခဲ့သည်။

ယာဉ်တိုက်မှုကြောင့် ကားပေါ်လိုက်ပါလာသူ မည်သူမှ သေဆုံးခဲ့ခြင်း မရှိဘဲ အီတူးကလည်း သူ၏ အခြေအနေ တည်ငြိမ်ကြောင်း ပရိသတ်များနှင့် မိတ်ဆွေသူငယ်ချင်းများကို စိတ်မပူရန်ပြောကြောင်း ကင်မရွန်းဂျာနယ်လစ် မာတင်ကာမက်စ်က ပြောသည်။

အီတူး၏ ဇနီးသည် ဂျော်ဂက်နှင့် ရင်းနှီးသော မိတ်ဆွေတစ်ဦးက “အီတူးရဲ့ အခြေအနေက အားလုံးကောင်းပါတယ်။ ပရိသတ်တွေကိုလည်း သူ့အတွက် စိတ်ပူပန်မနေဖို့လည်း ပြောပါတယ်။ ခေါင်းဒဏ်ရာက ပြောပလောက်တဲ့ အနေအထား မဟုတ်ပါဘူး။ မကြာခင် ပုံမှန်အခြေအနေ ပြန်ရောက်လာမှာပါ” ဟု ပြောသည်။

Ref:medcom

Facebook Comments Box
Facebook Comment