
အိုးထရက်ဖို့ဒ်မှာ မန်ယူ ပန်းစစ်စစ်တွေ မပွင့်တော့ဘူး ….
အိုးထရက်ဖို့ဒ်မှာ မန်ယူ ပန်းစစ်စစ်တွေ မပွင့်ကြတော့ဘူးတဲ့လား …
မနက်ကပဲ နွေ အပြောင်းအရွှေ့တစ်ခုပြီးသွားတယ်။
မန်ယူ ဘာတွေဝယ်ခဲ့သလဲ။
အိပ်ရေးပျက်ခံပြီး စောင့်ကြည့် ခဲ့ကြတဲ့ မန်ယူ ပရိသတ်တွေအဖို့ ဘာမှကို ပျော်ချင်ရလောက် အောင် ရင်မခုန်ခဲ့ရပါဘူး။ သိပြီးသား ဇာတ်တော်တွေ ပြန်ဖွင့်ပြရင်းနဲ့ လူငယ် အချို့ ခေါ်ပြီး အမြင့်ဆုံး တေးသွားကို ကာဗာနီဆိုတာနဲ့ အဆုံးသပ်ကာ ပြီးပါပြီ စာတန်း ထိုးချိတ်သွားတယ်။
တောက် တခတ်ခတ်နဲ့ ခံပြင်းကြသူတွေ အဖို့ ဘာများတတ်နိုင်မှာတဲ့လဲ၊ ဒါက အမေရိကန် အားကစား-စီးပွားရေးလေ၊ ဒီလိုပဲလာမှာပေါ့။ အခေါ်ပြမျှော်တဲ့ ဆန်ချို ဇာတ်လမ်းက ဟန်ပြ သာသာရယ်၊ ခေါ်မရတာကိုမှ တုံးတွေ အဆင့်အဆင့်ခုကာလှမ်းနေတဲ့ အက်ဝုဒ်ဝပ် ဖြစ်ကတတ်ဆန်း လုပ်ပုံက ဖြစ်မလာနိုင်ဘူးဆိုတာ သိသာမြင်သာရှိနေတာတောင် ဒီနေ့မနက် ၄ နာရီ အထိ မရောင်းပါဘူးလို့ ပြောနေတဲ့ သူကို မှ လိုချင်နေတုန်း၊ ခေါ်ချင် နေတုန်းတဲ့ …
အရင်းစစ်တော့ လိုတာမရ၊ ရတာမလိုနဲ့ ဗန်ဒါဘိခ်၊ အာမက်ထရာအိုရေး၊ အဲလက်စ် တဲလက်စ်၊ ပယ်လစ်ထရီ၊ကာဗာနီတို့နဲ့ ဒီရာသီ အတွက် မန်ယူဟာ အဝယ်ဈေးထဲက ပြန်ခဲ့ရပြီလေ။ ပြည့်စုံခဲ့ပြီလား မန်ယူ၊ ဒီလူတစ်သိုက်နဲ့ ဖလားနှိုက်မယ့် ပုံစံတွေ အတွက် ပရိသတ်ကို ကျေနပ်ခွင့်ပေးလိုက်တာလား။

ထားပါတော့လေ၊ ပြိုင်ဘက်တွေ အသီးသီးငွေသုံးပြီး အကြိုက်ပြင်၊ ပရိသတ်တွေ ချစ်ခင်မှုကို တင်းတင်းရင်းရင်းယူပြ နေခဲ့တဲ့အချိန်မှာ မန်ယူက တစ်ခါက မန်ယူလိုမျိုး မန်ယူစစ်စစ် ပြန်ကို မဖြစ်လာတော့ဘူး။
ပြောလက်စနဲ့ပဲ ၊ ပြီးခဲ့တဲ့အကြောင်းတွေကိုပါ တစ်ပါတည်းပြောပါရစေတော့ဗျာ။
အိုးထရက်ဖို့ဒ်မှာ မန်ယူ ပန်းစစ်စစ်တွေ မပွင့်ကြတော့ဘူး …
ဟုတ်တယ်။
သမိုင်းဟာ ရိုင်းသွားခဲ့သလားပဲ။

ဘာပဲပြောပြော ပြုပြင်ပြောင်းလဲရေး ကာလဆိုတာ အနည်းနဲ့အများတော့ အထိအခိုက်ရှိ တာမှန်ပေမယ့် အခုလိုမျိုး အိမ်တော်ထဲမှာ အိမ်ရှင်ကြီးရှင်က ပြိုင်ဘက်ကို ဂိုးပြတ်နဲ့ရှုံးလိုက်ရ လေခြင်းဆိုတဲ့ မချိတင်ကဲ ဒေါသတွေ ပေါက်ကွဲထွက်လာမှုဟာ ဘာနဲ့တားဆီးမလဲ။ ဆန်ချိုလဲ မရဘူး၊ ကာဗာနီလည်းမရဘူး။ အားလုံး အား ထုသားပေသား ကျနေခဲ့တာမျိုးမှ မဟုတ်တာပါ။
မန်ယူဟာ အရင်လို မန်ယူပြန်မဖြစ်လာတော့ဘူး။ အန်ကယ်လေးလည်း ဘာမှလုပ်မရနိုင်တော့ တဲ့အချိန်မှာ မန်ယူဟာ ဘယ်တော့မှ နလံပြန်ထူနိုင်မှာတဲ့လဲ။
မေးမနေနဲ့..
မေးရင်.. မေးတဲ့လူအပြစ်ဖြစ်တယ်။
ဖြစ်တည်မှုကို စောင့်ကြည့်ပြီး ဘယ်လို စခန်းသွားမလဲဆိုတာ အဓိက အချက်ဖြစ်နေစေတယ်။
စီးပွားရေးလား… အားကစားလား…
မစ္စတာ အက်ဝုဒ်ဝပ်နဲ့ အင်တာဗျူးခွင့်ရရင် မေးချင်တာတစ်ခုရှိတယ်။

အဲ့ဒါက
ခင်ဗျား ပရိသတ်တွေ အတွက် ဘယ်နှစ်ခါ ပြန်ကြည့်ဖူးသလဲ။ ခေါင်းထဲက ကိန်းဂဏန်းတွေ လောက် မန်ယူရဲ့အောင်မြင်ရေး မူဝါဒကို ဘယ်လောက်အထိ စိတ်ဝင်စားဖူးသလဲ ဆိုတာပါပဲ။
အိုးထရက်ဖို့ဒ်မှာ မန်ယူပန်း စစ်စစ်တွေ မပွင့်တော့ တာ ဘယ်လောက်ကြာပြီတဲ့လဲ။
အိမ်ကွင်း စံတော်ချိန်တွေဆိုတာ သမိုင်းထဲမှာ အလှပြထားတဲ့ ဘုတ်အုပ် စာမျက်နှာတွေပေါ်က စာလုံးတွေ လား။ ဒါတွေပြောရင် ဒေါတွေပါကြလိမ့်မယ်။ ဖြစ်သင့်တာထက်၊ ဖြစ်နေတဲ့အပေါ်မှာ အကောင်းဆုံးတည်ဆောက်နိုင်ဖို့ဟာ ဘယ်အချိန်အထိ ကြာမလဲ။ ဘယ်လောက်အထိ ဘောင်ထဲဝင်အောင် သွပ်သွင်းယူကြရမလဲ။ အချိန်၊ မိနစ်၊ စက္ကန့်တွေ အတိအကျမပြောနိုင်ပေ မယ့် ရလဒ်တွေကိုတော့ တစ်ပတ် တစ်ပွဲလောက်တော့ ကောင်းအောင် ထိန်းစေချင်နေကြတာ ဖာဂီခေတ်အလွန်မှာတည်းက ခဏခဏ ဖွင့်ရတဲ့ ဓါတ်ပြားဟောင်းတစ်ချပ်မဟုတ်ပါလားဗျာ။
သမိုင်းကို သိချင်ရင် ခေတ်ရဲ့ယဉ်ကျေးမှုကို ကြည့်ရတယ်တဲ့ …
ဟုတ်ကဲ့ …
အဲ့ဒါဆိုရင် ဒီခေတ်ရဲ့ မန်ယူယဉ်ကျေးမှုကို ကျော်သွားလို့ရနိုင်မလားခင်ဗျာ။ အောင်မြင်မှုဝေး ကွာနေတဲ့ အချိန်မှာ စိတ်ရှည်ရှည်နဲ့ လှန်းထားတဲ့ကြိုးတွေလည်း သံပတ်ကုန်နေရောပေါ့။ ကိုယ်ခြင်းစာတယ်။ သူများတွေ အင်နဲ့အားနဲ့ပြေးလွှားနေတဲ့ အချိန်မှာ အချိန်တစ်ခုလုံး ဆန်ချို နဲ့စပြီး ဆန်ချိုနဲ့ဆုံးဖို့ ပြင်ဆင်နေတဲ့ မူဝါဒက စိတ်ဆင်းရဲစရာ၊ ဖြစ်သင့်တာက တစ်ခု ၊ဖြစ်နေတာ တစ်ခြား၊ ဒီလိုနဲ့ နှစ်ပါးသွားတွေ ကနေတာ ဟာ ရလဒ်တွေဆိုးနေရုံ သက်သက် ကို ထိုင်ကြည့်နေရုံပဲတဲ့လား။
ပဲလေ့စ်ကို အိမ်ကွင်းစရှုံးတယ်၊ မပြောသေးဘူး။ ဘရိုက်တန်ကို အဝေးကွင်းမှာ သူတင်ကိုယ်တင် ကစားပြီး ၂-၃ နဲ့ကပ်အသာရတယ်။ ဟုတ်ပြီ ၊ နိုင်တယ်ဆိုလို့ အခြား လိုအပ်ချက်တွေ သိသိကြီးနဲ့ခြစ်ချပြီး ချစ်ပြပေးလိုက်ကြတယ်။ တင်းတာတော့ တင်းနေကြပြီ။ ဒါပေမယ့် ရလဒ်လေး လှလို့ အောက်သက်သက်နဲ့မေ့ထားလိုက်ကြတယ်။

ကဲ… အခုစပါးစ်ကို ရှုံးတယ်။ ရှုံးတာကလည်း ဂိုးပြတ်နဲ့ရှုံးတယ်။ ၁-၆ တဲ့။ မန်ယူလို အထင်ကရ အသင်းဟာ အိမ်ကွင်း အိုးထရက်ဖို့ဒ်နိုင်ငံတော်မှာ ရှုံးစရာ အရှက်ဟက်တက်ကို ကွဲတာပါပဲ။
ဈေးကြီးပေးဝယ်ထားတဲ့ ခံစစ်တန်းကလူတွေ လည်း မြန်ဆန်တဲ့ တစ်ဖက်အသင်းရဲ့ ကောင်တာ အောက်မှာ ဘာမှကို လုပ်မရတော့သလို ဂိုးသမား ဒီဂေးလည်း ဆွန်ဟောင်မင်နဲ့ အတွေ့မှာ ငုတ်တုတ်ကို မေ့တော့တာပါပဲ။ ကြားထဲ လူတစ်ယောက်ပါ ထပ်အထုတ်ခံရတော့ ပြီးပါလေရောလား။ ၁၀ ယောက် ၁၁ ယောက်ဖြစ်နေတဲ့ အချိန်မှာ ပြန်ပြီး တိုက်နိုင်တဲ့ အားကို တော့ သဘောကျမိပေမယ့် ရလဒ်ကတော့ အိုးထရက်ဖို့ဒ် မှာ အရှက်လုံးလုံးကို ကွဲရောပဲ။
ပရီးမီးယားမှာ ၃ပွဲကစားပြီး မန်ယူခံစစ်တန်းက ၁၁ ဂိုးပေးထားရပြီလေ၊ မနှစ်တည်းက မငြိမ်တဲ့ ခံစစ်တန်းဟာ အခုအချိန်အထိကို ဘယ်သူ့ကိုပဲ ထည့်ထည့် အဆင်မပြေ၊ အသားကို မကျနိုင်သေးတာပါ။ မကြာခင် လူသစ်တွေရောက်လာပါ တော့မယ်။ ဘာတွေဖြစ်လာမလဲ ဆိုတာ မပြောနိုင်သေးဘူး။ ပိုကောင်းလာနိုင်သလို၊ ပိုဆိုး လာနိုင် သေးတယ်။ နှစ်ဖက်ခွတွေး ထားတာ စိတ်လုံတယ်။ နို့မို့ဆိုရင် တစ်ဖက်စောင်းနင်း နဲ့ စိတ်တွေလေ လွှင့်ထွက်သွားနိုင်တတ်လွန်းကြလို့ပါပဲ။
တစ်ကယ်တော့ ဆိုးရှားရောက်ခါစက မန်ယူဟာ မန်ယူအစစ် ပြန်ဖြစ်တော့မလိုလိုနဲ့ ပြန်ကျကွဲသွားတဲ့ အရှိန်ဟာ အခုအထိမသေသေးဘူး။ စုစည်းမှုတွေလုံးဝပြိုကွဲထွက်သွားတာ အံ့အားသင့်စရာပါ။ ပိုကောင်းလာရမယ့်အစား ပိုဆိုးသွားတယ်။ ပေါ့ဂ်ဘာရဲ့ လစာ အက်ကြောင်း ထမှု ကယက်ကို သူ့အေးဂျင့်ဖြစ်သူ ရွိုင်ယိုလာလို့ လက်ညှိုးမထိုးချင်ပေမယ့် ပြဿနာ အစဟာ သူတို့က မီးထွန်းခဲ့တာ ဆိုရှင် မှန်လိမ့်မယ်။
အဲ့ဒီရဲ့ နောက်ဆက်တွဲဆိုးကျိုးဟာ အခုအချိန်အထိ သက်ရောက်နေဆဲပါပဲ။ ပြန်တည်လို့ မရတဲ့ အချိန်က ပိုပိုများလာပြီ။ တစ်ခါက ဖမ်းဆုပ်မိတဲ့ မန်ယူရဲ့ အောင်မြင်ရေး ဝိဉာဉ်တွေဟာ အခုအချိန်အထိ ပြန်ထိတွေ့ခွင့်မရတော့ဘူးဖြစ်နေတယ်။
ရူနီတို့နောက်ပိုင်း မန်ယူကိုဝင်လာတဲ့ ကစားသမားတွေက အစ အသင်းပိုင်ရှင်တွေက အဆုံး ငွေမှ ငွေ ဖြစ်နေသလို၊ ရင်ဘတ်ပေါ်က တံဆိပ်တောင် စီးပွားရေး တစ်ခုအတွက် ဗန်းပြထားတဲ့ အရာတစ်ခုလိုမျိုး သတ်မှတ်နေတော့ မန်ယူဟာ အင်္ဂလန်တွေ ပိုင်ခဲ့တုန်းက မန်ယူလိုမျိုး မဟုတ်တော့တာမဆန်းပါဘူး။ အမေရိကန် သူငှေး တွေ လက်ထဲက မန်ယူက စီးပွားရေး ဆန်ခဲ့တဲ့ မန်ယူဖြစ်နေခဲ့ပြီမဟုတ်ပါလားဗျာ။
ကစားသမားတွေ ကြည့်တော့လည်း မန်ယူအသွင်ယူထားတဲ့ ဂျာစီဝတ်ထားသူတွေ သာသာပဲ ဖြစ်နေတယ်။ အသင်းခေါင်းဆောင်က အစ ကန်တိုနာ၊ ဂစ်၊ စခိုးလ်၊ ဘက်ခမ်း၊ ရွိုင်းကိန်းတို့၊ ရှရင်ဂမ်တို့ ရူနီတို့ စီဒိုတို့ခေတ်တုန်းက လောက်တောင် ပေးဆပ်မှုနဲ့ စိတ်ဓါတ်တွေက မရှိခဲ့ ဘူး။
ဖာဂီ မန်ယူ၊ မော်ရင်ညို မန်ယူ၊ ဆိုးရှားရောက်ခါစက မန်ယူတွေ ပြန်မရောက်လာနိုင်သေးဘူး။ ခေတ်တစ်ခု ဖန်တီးရင်း မန်ယူရဲ့ ခေတ်ပျက်ဆိုးတွေကြားမှာ ပရိသတ်တွေ အထိအနာရဆုံးဖြစ် ကုန်ပြီ။
ဘယ်လိုပဲဖြစ်ဖြစ် အိုးထရက်ဖို့ဒ်မှာတော့ မန်ယူ ပန်းစစ်စစ်တွေ ပြန်ပွင့်လန်းစေချင်မိတယ်။
ကိုယ့်မြေကိုယ့်ရေမှာ မန်ယူဟာ မန်ယူဖြစ်ကြောင်း သက်သေ ကောင်းကောင်းပြဖို့ နယူးကာဆယ်နဲ့ အဝေးကွင်း ပရီးမီးယားပွဲပြီးရင် ချယ်လ်ဆီးနဲ့ အာဆင်နယ်ကို အိုးထရက်ဖို့ဒ် မှာ နှစ်ပတ်ဆက် ဧည့်ခံရလိမ့်မယ်။
အဲ့ဒီအချိန်ရောက်ရင်ရော မန်ယူပန်းစစ်စစ်တွေ အိုးထရက်ဖို့ဒ်မှာ အစွမ်းကုန်ပွင့်လန်း ခွင့်ရှိနေ ဦး မလား ဆိုတာ ခေါ်ယူထားတဲ့ လူသစ်တွေရဲ့ အစွမ်းနဲ့အတူ ကြည့်ချင် သိချင်မိနေပါ တော့တယ်။
– – – ထွန်းထွန်းဦး(လှိုင်) – – –