အိုးထရက်ဖို့ဒ်ပွဲစဉ်တွင် အရေးပါသည့် ကာကွယ်မှုနှစ်ကြိမ် ပြုလုပ်ခဲ့သည့် မင်ဒီကို ဖရန့်လမ်းပတ် ချီးကျူး

ချဲလ်ဆီးနည်းပြဖရန့်လမ်းပတ်သည် စနေနေ့တုန်းက အိုးထရက်ဖို့ဒ်၌ ယူနိုက်တက်နှင့် ဂိုးမရှိသရေကျသည့်ပွဲတွင် အရေးပါသည့် ကာကွယ်မှု နှစ်ကြိမ် ပြုလုပ်သွားသည့် ဂိုးသမားအက်ဒူယက်မင်ဒီကို ချီးကျူးသွားခဲ့သည်။ အဆိုပါပွဲတွင် မင်ဒီသည် ယူနိုက်တက် တိုက်စစ်မှူးရပ်ရှ်ဖို့ဒ်၏ အပိုင်ကန်သွင်းမှု နှစ်ကြိမ်ကို လက်စွမ်းပြ ကာကွယ်သွားခဲ့ခြင်းလည်း ဖြစ်သည်။

ယခုရက်ပိုင်းအတွင်းတွင် ကွင်းပြင်ပ ပရဟိတလုပ်ဆောင်မှုများကြောင့် သတင်းစာများတွင် ဖော်ပြခြင်းခံနေရသည့် ရပ်ရှ်ဖို့ဒ်သည် ယူနိုက်တက်အနိုင်ရရှိနိုင်စေမည့် အခွင့်အရေး ၂ ကြိမ် ရရှိခဲ့သော်လည်း မင်ဒီက ကာကွယ်သွားခဲ့သည်။

ချဲလ်ဆီးနည်းပြဖရန့်လမ်းပတ်သည် ယခုရာသီတွင် နောက်တန်းနှင့် ဂိုးသမား ပြဿနာတို့နှင့် ရင်ဆိုင်နေရသူ ဖြစ်ပြီး အိုးထရက်ဖို့ဒ်တွင် ဂိုးမရှိသရေရလဒ်ရယူနိုင်ခဲ့မှုအတွက် ကျေနပ်နေသည်။

လမ်းပတ်က “သူ့(မင်ဒီ)စွမ်းဆောင်ရည် အရမ်းကောင်းတယ်။ ဒီလိုပွဲကြီးပွဲကောင်းတွေမှာ ကိုယ့်ဂိုးသမားရဲ့စွမ်းဆောင်ရည်ကိုဘဲ မှီခိုရပါတယ်။ ရပ်ရှ်ဖို့ဒ်ရဲ့ ပထမအခွင့်အရေးက ကျွန်တော်တို့အမှားကနေ ရသွားတာ။ နောက်ဆုံး တစ်ကြိမ်က သူ့ရဲ့အရည်အသွေးကို ပြသခဲ့တဲ့အလုံးပါ။ ဘာအတွက် သူရှိနေရသလဲဆိုတာ ကျွန်တော်တို့ကို ပြသသွားတာလည်း ဖြစ်ပါတယ်။ သူ့အရည်အချင်းကြောင့် သူ့ကို ခေါ်ဆောင်လာခဲ့တာပါ”ဟု ပြောကြားသွားသည်။

မင်ဒီသည် ယူနိုက်တက်နှင့်တွင် အရေးပါသည့် ကာကွယ်မှု ပြုလုပ်ခဲ့သော်လည်း ကိုယ်ဂိုးကိုယ် သွင်းမိလုနီးပါး ဖြစ်ခဲ့သူလည်း ဖြစ်သည်။

ထို့အပြင် ဖရန့်လမ်းပတ်က ပင်နယ်တီ ဧရိယာအတွင်းတွင် ဟယ်ရီ မက်ဂွိုင်းယားက အက်ဇ်ပီလီကူတာကို ဖက်ကာ ခေါင်းယှဉ်တိုက်သည့်ဖြစ်ရပ်မှာ ပင်နယ်တီ ပေးသင့်ကြောင်း ပြောကြားလိုက်သည်။ ဒိုင်လူကြီးသည် VAR ဒိုင်လူကြီး၏ အကြံပြုမှု ရယူပြီးနောက် ပင်နယ်တီ မပေးရန် ဆုံးဖြတ်ခဲ့သည်။

လမ်းပတ်က “အင်မတန်ရှင်းလင်းတဲ့ ပင်နယ်တီပါ။ ပင်နယ်တီဆိုတာ ရှင်းရှင်းလေးပါ။ အဲဒီအချိန်တုန်းက ကျွန်တော် ရပ်နေတဲ့ နေရာကနေ မမြင်ရပါဘူး။ ကွင်းထဲမှာ ပင်နယ်တီ တောင်းတာ တွေ့ရတော့မှ သိတာပါ။ ဒီအတွက်ဘဲ ကျွန်တော်တို့ဟာ VAR ကို ပွဲတွေဆီသို့ ယူဆောင်လာတာပါ။ VAR ငြင်းတာ နည်းနည်းမြန်တယ်လို့ ထင်တယ်။ ဒိုင်လူကြီးအနေနဲ့ မော်နီတာကနေ ကြည့်သင့်တယ်။ တကယ်လို့ မော်နီတာ ကြည့်ခဲ့ရင် ပင်နယ်တီပေးမှာ သေချာပါတယ်”ဟု ပြောကြားသွားသည်။

Facebook Comments Box
Facebook Comment