အိုဇေးလ် အကောင်းဆုံးပုံစံ ပြန်ရနိုင်မယ့်နည်းလမ်းကို ဝင်းဂါး အကြံပေး

အာဆင်နယ်နယ်ဂန္ထဝင်နည်းပြအာစင်ဝင်းဂါးသည် မီဆတ်အိုဇေးလ်၏ အကောင်းဆုံးပုံစံ ပြန်လည် ရရှိနိုင်မည့် နည်းလမ်းများအား အာဆင်နယ်နည်းပြအာတီတာကို အကြံပေးပြောကြားလိုက်သည်။

ဂျာမနီလက်ရွေးစင်ဟောင်းသည် အာတီတာလက်အောက်တွင် အာဆင်နယ်၌ နေရာပျောက်ဆုံးနေသူဖြစ်ပြီး ဇွန်လနောက်ပိုင်း၌ တစ်ပွဲမျှ မကစားရသေးသည့် အပြင် ယူရိုပါလိဂ်လူစာရင်းတွင်လည်း ချန်လှပ်ခြင်းခ ခံထားရသည်။

သို့ရာတွင် အာစင်ဝင်းဂါးက အသက် ၃၁ နှစ်ရှိ ရီးရဲလ်မက်ဒရစ်စတားဟောင်းမှာ အာဆင်နယ်အတွက် အကျိုးပြုနိုင်သည့် ကစားသမားဖြစ်နိုင်ဆဲဟု ယုံကြည်နေသည်။

ဝင်းဂါးက “သူက ကွင်းထဲမှာ စည်းကမ်းသေဝပ်စွာ ကစားနိုင်တဲ့သူ မဟုတ်ခဲ့ပါဘူး။ ပြီးတော့ ဘောလုံးမရှိဘဲ မကစားတတ်ဘူး။ ဒါပေမယ့် သူ့အနားမှာ ခံစစ်အသားပေး အလယ်တန်းကစားသမားတွေ ရှိနေရင်တော့ သူ့ပြဿနာကို ဖြေရှင်းလို့ ရပါတယ်။ အဓိကအရေးအကြီးဆုံးကတော့ တိုက်စစ်နဲ့ ခံစစ် ဟန်ချက်ညီဖို့ ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။

ဆက်လက်၍ ဝင်းဂါးက လက်ရှိ ဘောလုံးလောကမှာ နည်းစနစ်ပိုင်း ဦးစားမပေးတော့မှုမှာလည်း အိုဇေးလ်အတွက် ပြဿနာတစ်ခု ဖြစ်နေကြောင်းလည်း ဆိုသွားခဲ့သည်။

ဝင်းဂါးက “ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ ကစားသမားတွေဟာ နည်းစနစ်ပိုင်း ဆုံးရှုံးလာကြပါတယ်။ နည်းစနစ်ပိုင်း၊ အဆုံးအဖြတ်တွေထက် ကြံ့ခိုင်မှုပိုင်းက အရမ်းအရေးပါလာပါတယ်။ ကြံ့ခိုင်မှုပိုင်းကို ပိုပြီးတော့ အသားပေးလာပါတယ်” ဟု ပြောကြားခဲ့သည်။

အိုဇေးလ်သည် ၂၀၁၃ ခုနှစ်၊ နွေရာသီတုန်းက အာဆင်နယ်တွင် အာစင်ဝင်းဂါး ရှိနေစဉ်အတွင်း အာဆင်နယ်သို့ ရောက်လာခဲ့သူ ဖြစ်သည်။ သူသည် ၂၀၁၅-၁၆ ရာသီတွင် ပရီးမီးယားလိဂ်တွင် ဂိုးရအောင် ၁၉ ကြိမ်အထိ ဖန်တီးမှု ပြုလုပ်ထားနိုင်ကာ ဟင်နရီ၊ ကီဗင်ဒီဘရိုင်းတို့ပြီးနောက် ပရီးမီးယားလိဂ် တစ်ရာသီအတွင်း ဒုတိယဖန်တီးမှုအများဆုံး ပြုလုပ်နိုင်သူအဖြစ် ရပ်တည်နေသည်။

အိုဇေးလ်သည် အာဆင်နယ်နှင့် ၁၀ လစာချုပ်သာ ကျန်တော့သူ ဖြစ်ပြီး အာဆင်နယ်က စာချုပ်ဖျက်သိမ်းရန် ကြိုးပမ်းနေသည်။ သို့ရာတွင် အိုဇေးလ်သည် လက်ကျန်စာချုပ်သက်တမ်းအတွက် ပေါင် ၁၃ သန်း အပြည့်အဝ ရရှိနေလိုသည်။ အာဆင်နယ်သည် လာမည့် ဇန်နဝါရီလတွင် အိုဇေးလ်ကို စာချုပ်ဖျက်သိမ်းဖွယ် ရှိနေသည်။

Facebook Comments Box
Facebook Comment