
အိုဇေးလ်နဲ့ဘေးလ်ကိုခေါ်ပြီး အပြင်လူပျော်နိုင်တဲ့တေးတွေ ဆိုချင်တယ်
N ကြယ်မင်း
ငယ်စဉ်ကတော့ မပျော်နိုင်သူရဲ့စာအုပ်တွေ ရှာဖတ်ခဲ့တယ်။ မပျော်နိုင်သူရဲ့ အထပ်ခိုးလေးတွေ၊ အခန်းကျဉ်းလေးတွေမှာ ကျွန်တော်ကိုယ်တိုင် ဇာတ်ကောင်ဖြစ်လာတယ်။
ကိုယ့်မိသားစု၊ ကိုယ့်ရပ်ကွက်ကလေးကနေ လူ့အဖွဲ့အစည်းကြီးတစ်ခုလုံးကို အယုံအကြည် ကင်းမဲ့ခဲ့တယ်။ အော့နှလုံးနာခဲ့တယ်။
တစ်ဖက်သတ် စွပ်စွဲချက်တွေကပဲ ကျွန်တော်ဟာ စည်းအပြင်ကလူ ဖြစ်စေခဲ့တာပေါ့။
ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ့်ဘုရား ကိုယ်ဖူးခဲ့တယ်။ အခုတော့ အသက်လေးရပြီပေါ့လေ။
လူကြီးပေါက်ကလေးလည်း ဖြစ်ပြီထင်ပါရဲ့။ ကိုယ်သိထားတဲ့ အမှန်တရားဆိုတာကို နေထုတ်လှန်းတတ်လာတယ်။
မပျော်တောင် ပျော်အောင်နေတတ်လာတယ်။ သူတို့ရော ဘာကြောင့်များ မပျော်နိုင်ကြပါလိမ့်..။
အိုဇေးလ်ဟာ အခုတော့ အာဆင်နယ်နဲ့ စာချုပ်ဖျက်သိမ်းလိုက်ပြီဆိုလားပါပဲ။

ကျွန်တော့်စိတ်ထဲ တစ်ခုခုပေါ့ပါးသွားသလို ခံစားရစေတယ်။
လုပ်စရာ၊ ဒါမှမဟုတ် လုပ်သင့်တာတစ်ခု အဆုံးသတ်သွားသလိုပဲ ဒီအမှုအပေါ် သက်ရောက်နေမိခဲ့တယ်။
တကယ်တော့ ကျွန်တော်ဟာ အိုဇေးလ်ဖန်တစ်ဦးဆိုတာ အမြဲလိုသေချာခဲ့တာပါ။
ဂျာနယ်တစ်စောင်မှာ ‘ကျွန်တော့်သွေးဟာ အိုဇေးလ်’ဆိုတဲ့ ခေါင်းစဉ်တစ်ခု ရှာတွေ့ခဲ့သေးတာပေါ့။
သူဟာ ဖာဘရီဂတ်စ်ကို မေ့လျော့စေနိုင်မယ့် စက်တစ်လုံးလို အမ်းမရိတ်မှာ လည်ပတ်ခဲ့တယ်။
အာဆင်နယ် ဘာမှဖြစ်မလာခဲ့ချိန်မှာတောင် အိုဇေးလ်ရဲ့ပေးဆပ်နိုင်စွမ်းဟာ ဘယ်သူနဲ့မှ မတူတယ်လို့ ကျွန်တော် တို့အားလုံး တူညီနေခဲ့ကြဖူးတယ်။
သူဟာ ဂျာမန်မှော်ဆရာဖြစ်တယ်။ သူဟာ သွေးအေးအေးဖြင့် ဝိဉာဉ်ဖြစ်တယ်။
ဒါပေမဲ့ ဒဏ်ရာတွေ ညှို့တက်လာတာလည်း သူကြုံတွေ့ခဲ့ရတာပေါ့။
သူပြန်လာတာလည်း သူပြန်နားသွားဖို့ပဲ ဖြစ်ခဲ့တယ်။
ဒီလိုနဲ့ သူ့အပေါ် စိတ်မရှည်နိုင်သူတွေ မျိုးပွားလာခဲ့ပြီး ဒါပေမဲ့ အဲ့ဒီလို စိတ်မရှည်နိုင်သူတွေ ကိုယ်တိုင်ကပဲ အို ဇေးလ်စစ်စစ်ကို ငတ်နေဆဲဆိုတာ သက်သေပြခဲ့ကြပြန်ပါတယ်။

ကွင်းထဲကို သူ လူစားဝင်လာရင်ပဲဖြစ်ဖြစ်၊ ပွဲထွက်ကစားသမားအဖြစ် ခုန်ချရောက်ရှိလာရင်ပဲဖြစ်ဖြစ် သွေးအားကောင်းတဲ့ လက်ခုပ်သံတွေပေးဖို့ ပျက်ကွက်ခဲ့ကြတာ မဟုတ်ပါဘူး။
သူ့ရဲ့မပျော်နိုင်သူဥပဓိကို ရွှင်လန်းဖွယ်ငြာသံတွေနဲ့ ဖျောင်းဖျခဲ့ကြပုံတွေ ကျွန်တော် အမှတ်ရနေပါသေးတယ်။
ဒါပေမဲ့ အာဆင်နယ်မှာ မြင့်မားတဲ့ လုပ်ခလစာတွေ ထိုင်ယူနေဖု့ိ မပျက်ကွက်ခဲ့သူဟာ သူ့အသင်းရဲ့ လွတ်မြောက်မှုဆီ ဦးတည်လာခြင်း မရှိခဲ့ပါဘူး။
သူဟာ အမ်းမရိတ်နွံထဲက ဂျာမန်ကြယ်တစ်ပွင့်လို သူ့ကိုယ်သူ အထင်ရောက်ခဲ့ပုံပါပဲ။
ကစားဖော်တွေကိုလည်း ပျင်းတယ်၊ သူ့ထက်နိမ့်နေတဲ့ အသင်းပါကွာဆိုတဲ့ စိတ်ပျက်ဖွယ်မျက်နှာပေးမှာ ခပ်နွဲ့ နွဲ့ပြေးလွှားနေပုံတွေ မမြင်ချင်အဆုံး ဖြစ်လာတယ်။
အာစင်ဝင်းဂါး နားသွားတယ်။ အူနိုင်းအမ်းမရီ မအောင်မမြင်ရှိခဲ့တယ်။
အခုလည်း အာတေးတားဟာ ရုန်းကန်နေဆဲပေါ့။
ဒါပေမဲ့ အာဆင်နယ်ရဲ့အပြင်လူဟာ အာဆင်နယ်လစာစားပြီး အာဆင်နယ် တအိအိကျဆင်းနေပုံကို သူနဲ့မဆိုင်သလို ငေးကြည့်နေခဲ့ဆဲပေါ့။
ကျွန်တော့်သွေးဟာ အိုဇေးလ်ဖြစ်ခဲ့ခြင်းအတွက် ကျွန်တော် ရှက်တတ်လာတယ်။
သူက ဘယ့်နှယ်မှမနေဘူးလား။ စည်းအပြင်ကလူတွေရဲ့ကိုယ့်သဘောကိုယ်ဆောင်မှုကို ကျွန်တော်ဟာ သံသယဝင်တတ်လာခဲ့တယ်။

ညက ရှက်ဖီးနဲ့ပွဲမှာ စပါးရောက်ဝေးလ်တစ်ယောက်ကို ကြည့်ငေးနေမိပြန်တယ်။
တကယ်တော့ သူဟာ စပါးမြစ်ဖျားမှာ ထွန်းကားခဲ့တဲ့ အသန်မာဆုံး ရေကူးသမားပဲ။
စပါးချစ်မိတ်ဆွေတွေဟာ ရီးယဲလ်ရောက်နေတဲ့ ဂုဏ်ယူစရာ ဝှိုက်ဟာ့တ်လိန်းထုတ်ကုန်ဟောင်းလေးဆီ ကြည်နူး
စရာ ပို့စ်ကတ်တွေ ပို့ခဲ့ကြမှာသေချာတယ်။
ဒါပေမဲ့ သူဟာ ဘာနေဗျူးမီးနင်းသမား ဖြစ်လာပြန်တယ်။
သူဟာ ခြေစွမ်းကျဆင်းလာပြီး သူဟာ အရန်ခုံရောက်ခဲ့ရခြင်းအတွက် မှန်ကန်တဲ့ အားထုတ်မှုတွေ ပြုလုပ်နိုင် ခြင်း မရှိခဲ့ပါဘူး။
သူဟာ ရီးယဲလ်ရဲ့လုပ်ခလစာစားပြီး ရီးယဲလ်ကို ပမာမခန့်ပြုလုပ်ခြင်းမှာ ပျော်ရွှင်လာတယ်။
ဒီလိုနဲ့ စပါးကို အငှားချခံရ။ ကျွန်တော်တို့လည်း ပျော်ရွှင်ပြီး သူ့ကိုစောင့်ကြည့်ဖို့ တက်ကြွမိကြပြန်တယ်။
ဒါပေမဲ့ ကျွန်တော်တို့ အတိအကျမသိနိုင်တဲ့ ကွင်းတွင်းကွင်းပြင် အမှုအခင်းတွေနဲ့အတူ မော်ရင်ညိုက သူ့ကိုအချဉ်ပေါက်သွားခဲ့ပြန်တာပဲ။
သူ့အကြောင်း ဆက်ပြီးဆွေးနွေးဖို့ တစ်စက္ကန့်လေးတောင် အချိန်မပေးလိုပါဘူးတဲ့။
ဒီသတင်းတွေကြားပြီး ရီးယဲလ်က ငနဲတွေ စိတ်ပျက်နေကြတယ်ဆိုတော့ ကျွန်တော်တို့ ရယ်ပြီးမောမိပြန်တယ်။
သူကရော သူ့ကိုလူတွေက နားမလည်ကြဘူးလေပဲလား။

သူဟာ ကမ္ဘာမြေရဲ့ခွဲခြားဆက်ဆံခံရသူ သူစိမ်းတစ်ယောက်ပဲလား..
အိုဇေးလ်နဲ့ဘေးလ်လို ကစားသမားတွေအကြောင်း ဆက်ရေးမယ်ဆိုရင် ဆုံးမယ်မထင်ပါဘူး။
ဘယ်အသင်းကမှ စိတ်ဝင်စားပြတော့ခြင်း အရိပ်အယောင်မရှိတော့လို့ ကျွန်တော် ဒီမှာမပျော်ခဲ့ဘူး ဘယ်သူပြောသလဲလို့ အကန်ဇယားတွေ ခင်းပြနေသူပေါ့ဂ်ဘာအထိ ရည်ညွှန်းနိုင်ပါတယ်။
နောက်ထပ်နောက်ထပ်တွေလည်း ရှိနေပါလိမ့်ဦးမယ်။
ဟုတ်မှာပါ၊ အာဆင်နယ်မှားနိုင်တယ်၊ ရီးယဲလ်မှားနိုင်တယ်၊ စပါးမှားနိုင်တယ်၊ ကမ္ဘာကြီးမှားနိုင်တယ်၊ ဒီမှာအားလုံးကို ရွဲ့စောင်းပစ်လို့ရတယ်။
ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ်တော့ အရွဲ့မတိုက်ကြပါနဲ့။ ဆုံးရှုံးမခံကြပါနဲ့။
မပျော်နိုင်ခဲ့လည်း ပျော်ရွှင်နိုင်မှုတစ်ခုခုအတွက် ကိုယ့်အရည်အသွေးကို ပြနိုင်ခဲ့ရမယ်။
တကယ်ပါပဲ၊ အပြင်လူတွေအနိုင်ရတာ သိပ်ပြီးမြင်ချင်ခဲ့တယ်။
ကျွန်တော် အဲ့ဒီလိုရှိပါတယ်။