အိမ်ဝယ်ကာ ရင်းနှီးမြှပ်နှံမှု ပြုလုပ်သည့် သတင်းခေါင်းစဉ် အနှုန်းအနှုန်းကို ရပ်ရှ်ဖို့ဒ် တုံ့ပြန်

မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးသည် Daily Mail သတင်းစာက သူ၏အိမ်ဝယ်ယူကာ ရင်းနှီးမြှပ်နှံမှု ပြုလုပ်သည့်သတင်းအား ရေးသားရာ၌ အသုံးအနှုန်း စကားလုံးအပေါ် တုံ့ပြန်ပြောဆိုလာသည်။

အသက် ၂၃ နှစ်ရှိ အင်္ဂလန်တိုက်စစ်မှူးသည် ယခုရာသီတွင် ယူနိုက်တက်အတွက် ၇ ဂိုးသွင်းကာ အကောင်းဆုံးပုံစံ ပြသနေသည်။ အခြားတစ်ဖက်တွင် သူသည် ကွင်းပြင်ပ၌ နွမ်းပါးသည့် မိသားစုမှ ကလေးငယ်များ အစာရေစာ အခမဲ့စားသောက်ခွင့် ရရှိရေးအတွက် ရှေ့တန်းမှ တိုက်ပွဲဝင်နေမှုကြောင့် ချီးကျူးခြင်း ခံနေရသူလည်း ဖြစ်သည်။

Daily Mail သတင်းစာသည် ရပ်ရှ်ဖို့ဒ်၏ ပေါင် ၂ သန်းတန်ဖိုးရှိ နေအိမ်ဝယ်ယူကာ ရင်းနှီးမြှပ်နှံမှုအား ပြုလုပ်ကြောင်း သတင်းရေးသားရာတွင် Campaigning ဆိုသည့် အသုံးအနှုန်းကို သုံးနှုန်း ရေးသားခဲ့သည်။

ထို့ကြောင့် သူ၏ ပရဟိတလုပ်ဆောင်မှုများကို ဦးတည် ရေးသားလာမှုအပေါ် ဒေါသထွက်နေသည့် ရပ်ရှ်ဖို့ဒ်က “ဒါနဲ့ပတ်သက်ပြီး ပြောပါရစေ။ ကျွန်တော့်အသက် ၂၃ နှစ်ပါ။ ဆင်းရဲတဲ့ဘဝက တက်လာတဲ့သူပါ။ ကျွန်တော့်အနာဂတ်ကိုသာမက ကျွန်တော့်မိသားစုကိုလည်း ကာကွယ်ဖို့ လိုပါတယ်။ ဒါကြောင့်လည်း ၂၀၂၀ ခုနှစ်မှ စတင်ပြီး အိမ်တွေ ဝယ်ယူပြီး ရင်းနှီးမြှပ်နှံမှု လုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီလို သတင်းမျိုးကို Campaigning ဆိုတဲ့ အသုံးအနှုန်း မသုံးဘဲ ရေးသားကြပါ”ဟု ပြောကြားသွားသည်။

ရပ်ရှ်ဖို့ဒ်သည် ကိုဗစ်ကာလအတွင်းတွင် ဗြိတိန်တလွှားမှ ကလေးငယ်များ အဟာရပြည့် အစားအစာများ အခမဲ့ စားသောက်နိုင်ရေး လုပ်ဆောင်မှုကြောင့် ဗြိတိန်ဘုရင်မကြီး၏ MBE ဘွဲ့ချီးမြှင့်ခံထားရသည်။

Facebook Comments Box
Facebook Comment