အိမ်ခြေယာမဲ့တစ်ဦးကို လူရမ်းကားအုပ်စုတစ်စုက နှောင့်ယှက်နေမှုကို ကယ်တင်ခဲ့သည့် ဆာလာ

လီဗာပူးစတားမိုဟာမက်ဆာလာသည် အိမ်ခြေယာမဲ့ တစ်ဦးကို လူရမ်းကားများကို နှောင့်ယှက်နေမှုကို မြင်တွေ့ရပြီးနောက် ဝင်ရောက် တားဆီး ကာကွယ်မှု ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။ ထို့အပြင် ဆာလာသည် အိမ်ခြေယာမဲ့တစ်ဦး ဖြစ်သူ ဒေးဗစ်ဘရစ်ခ်ကိုလည်း ပေါင် ၁၀၀ ပေးခဲ့သေးသည်။

ခရစ်က “မို (မိုဟာမက်ဆာလာ)က လီဗာပူးကစားသမားတစ်ဦးဆိုတော့ အနည်းငယ် အံ့ဩစရာတော့ အကောင်းသား။ ကောင်လေးအုပ်စုတစ်စုက ကျွန်တော့်ကို ပြောနေတာတွေ သူ ကြားပါတယ်။ အဲဒီကောင်လေးတွေဆီ သူသွားပြီး မင်းတို့လည်း နောက်နှစ်အနည်းငယ်ဆို သူ့လို ဖြစ်လာနိုင်တယ်လို့ ပြောခဲ့တယ်။ မိုက ပေါင် ၁၀၀ ပေးခဲ့တဲ့အချိန်မှာ မအံ့ဩခဲ့ပါဘူး။ သူက ပြီးပြည့်စုံတဲ့ ဂန္ထဝင်တစ်ဦးပါ”ဟု The Sun သို့ ပြောကြားသွားသည်။

မိုဟာမက်ဆာလာသည် စက်တင်ဘာလ ၂၈ ရက်နေ့တုန်းက အာဆင်နယ်ကို ၃-၁ ဖြင့် အနိုင်ရရှိသည့်ပွဲအပြီးတွင် အထက်ပါ သူရဲကောင်းဆန်သည့် အပြုအမူကို ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယင်းအဖြစ်အပျက်ကို CCTV က အမိအရ ရိုက်ယူထားလိုက်နိုင်သည်။

CCTV မှတ်တမ်းအရ မိုဟာမက်ဆာလာသည် အန်ဖီးလ်အနီး ဓာတ်ဆီဆိုင်တစ်ခုတွင် Bentley ကားပေါ်မှ ဆင်းကာ အိမ်ခြေယာမဲ့အား အကူအညီပေးခဲ့ခြင်းလည်း ဖြစ်သည်။

အသက် ၅၀ နှစ်ရှိ ဒေးဗစ်ခရစ်သည် မိသားစုဝင်များနှင့် အဆင်မပြေဖြစ်ပြီးနောက် အိမ်ခြေယာမဲ့ဖြစ်လာခဲ့သည်မှာ ခြောက်နှစ်တိုင်တိုင် ရှိပြီဖြစ်ပြီး အန်ဖီးလ်ကွင်းအနီးအနားတွင် အိပ်စက်လာခဲ့သူ ဖြစ်သည်။

သူသည် ဓာတ်ဆီနားမှ ဖြတ်သွားသည့် လူတစ်စု၏ ကြိမ်းမောင်းပြောဆိုခြင်း ခံခဲ့ရခြင်းလည်း ဖြစ်သည်။ ၎င်းက “သူတို့က ကျွန်တော့်အမည်ကို မေးတယ်။ ဘာလို့ တောင်းစားနေလဲ မေးကြတယ်။ အလုပ်တစ်ခုရှာဖို့ ပြောကြပါတယ်။ဘာတွေ ဖြစ်နေလဲ သူမြင်ပါတယ်။ သူတို့ကို တခုခု သွားပြောလိုက်တယ်။ ပြီးတော့ ငွေထုတ်စက်သို့ သွားတယ်။ တကယ့်ကို အတိုင်းအသိဝမ်းသာရပါတယ်။ ကျွန်တော်က တကယ့်ပရိသတ်တစ်ဦးပါ။ ကျွန်တော့်မျက်လုံးထဲမှာတော့ သူက တကယ့်စစ်မှန်တဲ့ဘဝကသူရဲကောင်းပါ။ သူ့ကို ကျေးဇူးတင်ပါတယ်” ဟု ပြောကြားသွားသည်။

Facebook Comments Box
Facebook Comment