အိမ်ကွင်း ၆၃ ပွဲဆက် ရှုံးပွဲမရှိ စံချိန်ဟောင်းကို လီဗာပူး လိုက်မီသွားပြီ

လီဗာပူးသည် စနေနေ့တုန်းက အန်ဖီးလ်၌ ဝက်စ်ဟမ်းကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိပြီးနောက် ၎င်းတို့၏ ပရီးမီးယားလိဂ်အိမ်ကွင်း ၆၃ ပွဲဆက် ရှုံးပွဲမရှိ စံချိန်ဟောင်းကို လိုက်မီသွားခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

ဝက်စ်ဟမ်းသည် ပါဘလိုဖော်နယ်၏ ဂိုးဖြင့် ပွဲကို ဦးဆောင်နိုင်ခဲ့သော်လည်း မိုဟာမက်ဆာလာက ပင်နယ်တီမှတဆင့် ပြန်လည်ချေပခဲ့သည်။ လီဗာပူးအတွက် အနိုင်ဂိုးကို ပွဲချိန် ၈၅ မိနစ်တွင် ဒီယေဂိုဂျိုတာကို သွင်းယူခဲ့သည်။

ယင်းနိုင်ပွဲကြောင့် လီဗာပူးသည် အန်ဖီးလ်၌ ၆၃ ပွဲဆက် ရှုံးပွဲမရှိ (၅၂ ပွဲနိုင်၊ ၁၁ ပွဲသရေ)မှတ်တမ်းကို လိုက်မီသွားခဲ့သည်။ လီဗာပူးသည် ၂၀၁၇ ခုနှစ်၊ ဧပြီလတုန်းက ခရစ္စတယ်ပဲလေ့စ်ကို ၂-၁ ဖြင့် ရှုံးနိမ့်ပြီးနောက် အိမ်ကွင်းတွင် ရှုံးပွဲမရှိ မှတ်တမ်း ရရှိလာခဲ့ခြင်း ဖြစ်သည်။

လီဗာပူးသည် ၁၉၈၀ ခုနှစ်၊ ဒီဇင်ဘာလတုန်းက ကလပ်သမိုင်းတွင် အများဆုံး အိမ်ကွင်းရှုံးပွဲမရှိ မှတ်တမ်းအဖြစ် ၆၃ ပွဲမှတ်တမ်း တင်နိုင်ခဲ့သည်။ ပရီးမီးယားလိဂ်တွင် အိမ်ကွင်း ရှုံးပွဲမရှိမှတ်တမ်း အများဆုံးအသင်းအဖြစ် ချဲလ်ဆီးက ၈၆ ပွဲဖြင့် ရပ်တည်နေပြီး ၂၀၀၈ ခုနှစ်တုန်းက တင်ခဲ့ခြင်း ဖြစ်သည်။

လီဗာပူးသည် ယခုရာသီတွင် နောက်တန်းပြဿနာနှင့် ရင်ဆိုင်နေရသော်လည်း ပရီးမီးယားလိဂ်ပွဲ ၇ ပွဲတွင် ၅ ပွဲအနိုင်ရရှိထားသည်။ ၎င်းတို့သည် ခံစစ်ပြဿနာနှင့် ရင်ဆိုင်ရမှုနှင့်အတူ ၇ ပွဲတွင် ၁၅ ဂိုးပေးထားရသည်။ ယမန်နှစ်ရာသီတုန်းက လီဗာပူးသည် ၂၃ ပွဲတွင်မှ ၁၅ ဂိုးပေးခဲ့ရသည်။

ဝက်စ်ဟမ်းနှင့်ပွဲတွင် အနိုင်ဂိုး သွင်းယူခဲ့သည့် ဂျိုတာမှာ လီဗာပူးသမိုင်းတွင် ပထမဆုံးကစားသည့် သုံးပွဲဆက် ဂိုးသွင်းနိုင်သည့် ဒုတိယမြောက်ကစားသမား ဖြစ်လာခဲ့သည်။ လီဗာပူးသမိုင်းတွင် ပထမဆုံးကစားသည့် သုံးပွဲဆက်တိုက် ဂိုးသွင်းနိုင်သည့် ကစားသမားအဖြစ် ၂၀၀၄ ခုနှစ် အောက်တိုဘာလတုန်းက လူးဝစ်ဂါစီယာက မှတ်တမ်း ရေးထိုးခဲ့သည်။

Facebook Comments Box
Facebook Comment