အိမ်ကွင်းပွဲစဉ် ကောင်းမွန်ရေးအတွက် ပြောင်းလဲ ပြင်ဆင်မှု ပြုလုပ်ရန် ဆိုးလ်ရှား စဉ်းစားနေ

အိုလီဂန်းနားဆိုးလ်ရှားသည် အိုးထရက်ဖို့ဒ်အိမ်ကွင်းပွဲစဉ်နှစ်ပွဲ အရှုံးနှင့် ကြုံတွေ့ရပြီးနောက် အိမ်ကွင်းပွဲစဉ်များအတွက် မန်ချက်စတာယူနိုက်တက်၏ ပြင်ဆင်မှုများကို ပြောင်းလဲသွားနိုင်ကြောင်း ပြောကြားလိုက်သည်။ ယူနိုက်တက်သည် ယနေ့ညတွင် ဖရန့်လမ်းပတ်ဦးဆောင်သည့် ချဲလ်ဆီးကို ဧည့်ခံကစားရမည် ဖြစ်ပြီး ယခုရာသီ ပထမဆုံး အိမ်ကွင်းနိုင်ပွဲ ရရှိရန် မျှော်လင့်နေသည်။

ယူနိုက်တက်သည် ယခုရာသီ၌ နောက်ဆုံးအဝေးကွင်းပွဲ ၅ ပွဲဆက် အနိုင်ရရှိထားမှုအပါအဝင် နောက်ဆုံး အဝေးကွင်း ၁၀ ဆက် ရှုံးပွဲမရှိမှတ်တမ်းသစ် ရေးထိုးထားနိုင်သည်။

ဆိုးလ်ရှားက အိုးထရက်ဖို့ဒ် ရလဒ်ကောင်း ရရှိရန် ယူနိုက်တက်၌ အရည်အသွေးများ ရှိနေကြောင်း၊ သို့ရာတွင် အိမ်ကွင်းပွဲများအတွက် ပြင်ဆင်မှုကို ပြောင်းလဲရန်လည်း စဉ်းစားနေသည်။

ယူနိုက်တက်သည် ကိုဗစ်ကာလမတိုင်မီတုန်းက ညဖက်မှ စတင်၍ အသင်းဟိုတည်တွင် တည်းခိုကာ အတူနေခဲ့ကြသည်။ သို့ရာတွင် ကိုဗစ်ကာလအတွင်းတွင် ကစားသမားများမှာ အိမ်ကွင်းပွဲမတိုင်မီ နေအိမ်တွင် နေရပြီး အသင်းနှင့် ပူးပေါင်းကာ ပွဲကစားရသည်။ သို့ရာတွင် ယူနိုက်တက်သည် အဝေးကွင်းပွဲကစားရန် ရှိသည့်အခါတွင်မူ အသင်းတည်းခိုရာ ဟိုတယ်တွင် အတူ နေထိုင်ပြီး အဝေးကွင်းအတွက် ပြင်ဆင်သည်။ ထို့ကြောင့် ဆိုးလ်ရှားသည် ယခင်ကဲ့သို့ပင် အိမ်ကွင်းပွဲမကန်မီညကတည်းက တစ်သင်းလုံး ဟိုတယ်တွင် အတူနေသည့် စနစ်ကို ပြန်သုံးရန် စဉ်းစားနေသည်။

ဆိုးလ်ရှားက “ဆက်တိုက် ဖြစ်တယ်ဆိုတာ စိတ်ကြောင့်ပါ။ ကျွန်တော်တို့မှာ ပါရမီရှင်ကစားသမားတွေ ရှိတာ သိပါတယ်။ ဒါပေမယ့် အရင်တုန်းက ကျွန်တော် အကြိမ်ကြိမ်ပြောခဲ့ဖူးသလိုဘဲ ဘောလုံးမှာ အခြေခံသဘောတရားတွေကို လေးစားရပါမယ်။ ရလဒ်ကောင်းရဖို့အတွက်ဆိုရင် ပြိုင်ဘက်ကို အသာစီးက ကစားပြီး အနိုင်တိုက်ရပါမယ်။ တကယ်လို့များ နောက်ဆုံးနှစ်ပွဲ(နယူးကာ ဆယ်၊ပီအက်စ်ဂျီ)မှာလိုမျိုး လုပ်မယ်ဆိုရင် မဖြစ်နိုင်စရာ မရှိပါဘူး။ မှတ်တမ်းတွေကို ကြည့်လိုက်ရင် ကျွန်တော်တို့ဟာ ချက်ချင်းဘဲ အခွင့်အရေးတွေ ဖန်တီးလာနိုင်တာ တွေ့ရပါမယ်။ ပြီးတော့ အသင်းလိုက်အနေနဲ့ ခုခံဖို့လည်း လိုအပ်ပါတယ်။ ဂိုးအများကြီး ပေးလို့မရပါဘူး။ အခွင့်အရေး ဖန်တီးပြီး ဂိုးသွင်းရပါမယ်။ ဒါလိုစိတ်မျိုးကို ပွဲစဉ်တိုင်းမှာ ရှိရပါမယ်။ ပြင်ဆင်မှု လုပ်တဲ့အခါမှာဆိုရင်လည်း ကိုဗစ်ကြောင့် Lockdown လုပ်တော့ အိမ်မှာဘဲ နေကြရတယ်။ ပွဲအပေါ်မူတည်ပြီး လုပ်ဆောင်မှုကွဲတယ်။ ကျွန်တော်က အရာအားလုံးကို သုံးသပ်ကြည့်တာပါ။ ဘာကြောင့် အဝေးကွင်းရောက်ရင် ရလဒ်ကောင်းလဲ သတိထားမိတာပါ”ဟု ပြောကြားခဲ့သည်။

ဆိုးလ်ရှားသည် ပီအက်စ်ဂျီနှင့်ပွဲစဉ်တွင် နောက်တန်း သုံးဦး စနစ်ကို အသုံးပြုခဲ့ သလို ချဲလ်ဆီးနှင့် ရင်ဆိုင်ခဲ့သည့် ယခင်ပွဲများလည်း ယင်းစနစ်ကို သုံးခဲ့ရာ ယနေ့ညပွဲတွင်လည်း ယင်းစနစ်ကိုပင် ဆက်သုံးလာဖွယ် ရှိနေသည်။

Facebook Comments Box
Facebook Comment