
အာရှ ရော်ဘင် ဆွန်ဟောင်မင်
ထွန်းထွန်းဦး(လှိုင်)
စပါးဟာ မော်ရင်ညိုရဲ့ချယ်လ်ဆီးဗားရှင်း အမှတ်စဉ် ဘယ်လောက်ဖြစ်နေမလဲ။ 2.0 လား၊ 3.0 လား၊ ဒါမှဟုတ် 4.0 လား၊ ဘယ်လိုပဲဖြစ်ဖြစ် စပါးကတော့ ပရီးမီးယားလိဂ်မှာ အမှတ်ပေးဇယားထိပ်ဆုံးရောက် အသင်းအဖြစ် ဆက်လက်ပြီးတော့ ရပ်တည်နေနိုင်ခဲ့ပြန်ပါပြီ။
မော်ရင်ညိုလက်ထဲမှာ တောက်ပစွာနဲ့ ခေါင်းပြန်ထောင်လာတဲ့ စပါးအဖို့တော့ အားပေးတဲ့ ပရိသတ်တွေအတွက် ဆုဖလားမျှော်လင့်ခွင့်ကို အရယူပြနိုင်မလားဆိုတာ ပိုပြီး စိတ်ဝင်စားဖွယ်ရာ ဖြစ်လာပါတယ်။
ပွဲသိမ်းဖို့ အချိန်တွေ လိုသေးတယ်ဆိုပေမယ့် အမှားမခံတဲ့ဇာတ်တော်မှာ စပါးဟာ အားထားရတဲ့ လက်နက် ကြီး တွေ အရာမယွင်းဖို့ လိုနေသေးတယ် မဟုတ်ပါလား။
ပြီးသွားခဲ့တဲ့ မြောက်လန်ဒန် ဒါဘီပွဲတော်မှာ အာဆင်နယ်ကို အိမ်ကွင်းမှာ ဧည့်ခံကစားပြီး ၂-၀ နဲ့ နိုင်လိုက်တဲ့ပွဲမှာ အားလုံး အံ့အားသင့်အောင် မော်ရင်ညိုရဲ့စပါးက လုပ်ပြခဲ့တယ်မဟုတ်ပါလား။
ပြိုင်ဘက်ကို ဘောလုံးပေးကစားစေပြီး ရတဲ့ တန်ပြန်တိုက်စစ်တွေကနေတစ်ဆင့် လိုအပ်တဲ့ အနိုင်ဂိုး ၂ လုံးကို အထိမိဆုံး ရယူပြခဲ့ကြတာ စပါးပါပဲ။
ပိုချက်တီနို လက်ထက်တုန်းက စပါးရဲ့ကောင်တာတိုက်စစ်တွေထက် အခုမော်ရင်ညိုလက်ထက်မှာ ဖြစ်ထွန်းနေတဲ့ ကောင်တာတိုက်စစ်တွေက ပိုပြီးတော့ အလုပ်ဖြစ်နေတယ်ဆိုတာ တွေ့ရမယ်။

ဒါဟာ ချယ်လ်ဆီးတုန်းက မော်ရင်ညို ခင်းကျင်းပြသခဲ့တဲ့ အဟောင်းအသုံးဆိုပေမယ့် အခုအချိန်အထိ စပါးမှာ ပြန်သုံးတော့လည်း ထိရောက်နေတယ် မဟုတ်ပါလား။
မူဟန် အနည်းငယ်တော့ လူကြောင့် ကွဲကောင်းကွဲနိုင်ပေမယ့် သုံးတဲ့နည်းစနစ်နဲ့ဗျူဟာကတော့ လုံး၀ မော်ရင်ညို မူပိုင်ဟန်ဖြစ်တဲ့ ခံစစ်အသေပိတ်ပြီး ကောင်တာနဲ့ ချောင်းပစ်တဲ့အကွက်ဟာ ဒီရာသီမှာ အထိရောက်ဆုံးဖြစ်နေ ခဲ့ပါတော့တယ်။
လန်ဒန်ကလပ်တွေနဲ့ ဒီလထဲမှာ ၂ ပွဲတွေ့ထားရာမှာ ချယ်လ်ဆီးဆီက ၁ မှတ်၊ အာဆင်နယ်ဆီက ၃ မှတ် စုစု ပေါင်း ၄ မှတ်ရထားတယ်။
ကြားမှာ ယူရိုပါလိဂ်ပွဲစဉ်အဖြစ် အန့်ဝပ်ဒ်နဲ့ ကစားပြီးရင် နောက်ထပ်လန်ဒါဘီအဖြစ် ပဲလေ့စ်နဲ့ အဝေးကွင်းမှာ ယှဉ်ပြိုင်ရပါလိမ့်မယ်။
အိမ်ကွင်းမှာဆိုတော့ လူချန်ပြီး လိုချင်တာကို LASK နဲ့ပွဲတုန်းကလိုမျိုး ပြင်ဆင်လာဦးမှာပါ။ အရေးပါတဲ့ ဒီဇင် ဘာပွဲကျပ်ကာလကို မော်ရင်ညိုအနေနဲ့ ဘယ်လိုကျော်ဖြတ်မလဲဆိုတာ စိတ်ဝင်စားမိတယ်။
ပဲလေ့စ်နဲ့ပွဲပြီးရင် လိုရင်းအမှတ်တွေကို အကောင်းဆုံးလုပြီး ထိပ်ဆုံးမှာ အမှတ်ဖြတ် တည်မြဲရေးအတွက် လီဗာပူးနဲ့ အဝေးကွင်းမှာ ပရီးမီးယားလိဂ်ပွဲကို ဆက်နွဲှရပါလိမ့်မယ်။
ပြီးရင် ၃ ရက်နားပြီး ပရီးမီးယားပွဲတစ်ပွဲအဖြစ် လက်စတာနဲ့ အမှတ်လုဖို့ ရှိသေးတယ်။ ဒီလထဲမှာ ပွဲတွေက ဆက်နေတယ်။
ပရီးမီးယားရော၊ ယူရိုပါရောအပြင် အခြားပြည်တွင်းဖြစ် ဖလားလုပွဲတွေက ကန်စရာရှိနေတော့ ကစားသမားတွေ ပြိုင်းကျမသွားဖို့ မော်ရင်ညိုအတွက် လိုအပ်တယ်ဆိုတာ အားလုံးအသိပဲဖြစ်မယ်။

လက်ရှိ ပွဲထွက် ၁၁ ယောက်ထက် ပိုကောင်းတဲ့သူတွေ မော်ရင်ညိုမှာ မရှိဘူး။ တစ်ယောက်ယောက်သာ တစ်စုံ တစ်ခုဖြစ်ကြည့် မော်ရင်ညိုအတွက်တော့ မလွယ်ရေးချ မလွယ်ပါဘူး။
အထူးသဖြင့် တိုက်စစ်က ကိန်းနဲ့ ဆွန်ဟောင်မင်ပါပဲ။ အထူးသဖြင့် မော်ရင်ညိုရဲ့အားထားရာ ကောင်တာတစ် ပေါက်မှာ အမြန်ဆုံးနှုန်းနဲ့ပြေးလွှွားနေတဲ့ အာရှရော်ဘင် ဆွန်ဟောင်မင်ပါပဲ။
သူ့တစ်ယောက်တည်းအားက သိပ်သိသာတယ်။ စပါးအတွက် သူ့သွင်းဂိုးတွေနဲ့ အနိုင်ပွဲတွေ ယူပေးနေတာ မော်ရင်ညိုလက်ထက်မှာ မနည်းတော့ဘူး။
အခုတောင် ကိန်းနဲ့သူနဲ့ တစ်လှည့်စီ ဖန်တီးပေးလိုက်ကြ၊ ဂိုးသွင်းယူလိုက်ကြနဲ့ ခရီးဆက်နေတာ နည်းတာမှ မဟုတ်တာပါ။
ဆွန်ဟောင်မင်အတွက်တော့ အထွန်းတောက်ဆုံး ရာသီတစ်ခု ထပ်ဖြစ်ဖို့ မော်ရင်ညိုလက်အောက်မှာ တောင်ပံတိုက်စစ်သမားအဖြစ် ရှေ့ဆက်လို့ ကောင်းနေတုန်းပဲ ဆိုရမယ်။
အရင်နှစ်တွေတုန်းကထက် သူ့ကစားအားနဲ့ ဆုံးဖြတ်ချက်တွေအပြင် ကန်သွင်းဂိုးယူမှုတွေက တိကျလာတယ်၊ အတွေ့အကြုံ ရှိလာတယ်။
ပိုသန်မာတဲ့ သူတွေကြားထဲမှာ အာရှသားတစ်ယောက်ရဲ့ဖြစ်တည်လိုမှု စိတ်ဓာတ်ပိုင်းဟာ ကြံ့ခိုင်မှုအပြည့်နဲ့ စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာမှာပါ တိုးတက်မှု အများကြီးရှိလာတာ တွေ့ရမှာဖြစ်ပါတယ်။
အရမ်းကာရော ချီးကျူးတာတော့ မဟုတ်ပါဘူး။ ဆွန်ဟောင်မင်နဲ့ ပတ်သက်ပြီး ပြောဖြစ်တာကတော့ အာရှသား ဖြစ်နေတာရယ်၊ သူ့တိုးတက်မှုတွေက အခုအချိန်အထိ ရပ်တန့်မသွားသေးတာရယ်ကြောင့် ဥရောပလိဂ်ရဲ့အမြင့် ဆုံးမှာရှိနေတဲ့ ပရီးမီးယားမှာ ထွန်းတောက်နေတဲ့ သူ့ရဲ့လတ်လောဖြစ်စဉ်ကို ကြိုက်လို့ ပြောဖြစ်တယ်ဆိုတာပါပဲ။
တစ်ခါက နာကာတာဟာ အာရှရဲ့အထွန်းတောက်ဆုံးကြယ် ဖြစ်ခဲ့ဖူးသလို အလီဒါယီလည်း အောင်မြင်ခဲ့ဖူးတာပဲ။ ပြီးတော့ ပက်ဂျီဆန်ခေတ် ရောက်ပြန်တော့လည်း အာရှတစ်လွှားမှာ သူလိုလူစားက ရှာမှရှား ဖြစ်ခဲ့ရသေးတယ် မဟုတ်လား။

နာကာမူရာတို့၊ ဆွန်ဂျီဟိုင်းတို့ ဖောက်ခဲ့တဲ့ လမ်းမတွေဟာ အခုအချိန်မှာတော့ အာရှဘောလုံးလောကအတွက် တိုးတက်ရစ်ဖို့ ဖြစ်လာကြပါပြီ။
အာရှဘောလုံးလောကဟာ ကမ္ဘာနဲ့ရင်ဘောင်တန်းနိုင်ဖို့ ကစားသမားကောင်းတွေ ဥရောပအနှံ့ထွက်ပြီး ဘောလုံးကစားနေကြတာ အရင်တုန်းကထက်စာရင် ပိုပြီး များလာခဲ့ပြီဖြစ်တယ်။
ဒါပေမဲ့ နေရာရ ဖြစ်ထွန်းမှုမှာတော့ နောက်ပေါက်ကြယ်တွေထဲမှာ ဦးစားပေးခံရတယ်ဆိုတာ ရှားပါးနေတုန်းပါပဲ။ တစ်ခုရှိတာက လိုအပ်လို့ ဝင်ကစားရတဲ့အချိန်တွေ များလာသလို အရန်ခုံပေါ်မှာ အချိန်ကုန်နေရတာမျိုးလည်း ဟိုးတုန်းကထက် နည်းလာတာတော့ အားလုံးအမြင်ပဲ ဖြစ်တယ်။
အခုဆိုရင် ပရီးမီးယားလိဂ်မှာ အာရှသားတွေရဲ့ နေရာရမှုဟာ အရင်တုန်းကထက် များလာတာမှန်ပေမယ့် ဆွန် ဟောင်မင်လောက်တော့ ပွဲထွက် ၁၁ ယောက်ထဲမှာ ပုံသေပါဖို့ ခက်နေတယ်ဆိုပေမယ့် သူ့ရဲ့ ရှေ့ဆောင်လမ်းပြမှုဟာ နောင်မျိုးဆက်သစ်များအတွက် လမ်းသစ်တစ်ခု ချပြလိုက်သလို ဖြစ်နေတယ်။
ပွဲတိုင်းမှာ သူ့ခြေစွမ်းဟာ တည်ငြိမ်ပြီး ပုံမှန်ရတတ်တာ များပါတယ်။ ပုံမှန်အောက် ကျတဲ့ပွဲတွေ ရှိပေမယ့်လည်း နည်းပါတယ်။
အထူးသဖြင့် မော်ရင်ညိုလက်ထက်မှာ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲပေးနိုင်စွမ်းတွေကြောင့် အသင်း လိုက်အားရော ကစားသမားတစ်ယောက်ချင်းကြားမှာပါ စည်းလုံးမှုနဲ့ ပေးဆပ်ကစားနိုင်မှုတွေ တိုးတက်လာတာ ဟာ သိသာစေတဲ့ အရာတွေအဖြစ် ရှိနေစေပါတယ်။
မော်ရင်ညိုဟာ ဘယ်ရောက်ရောက် သူ့အသင်းမှာ တောင်ပံကစားသမားကောင်းတွေကို တန်ဖိုးထား အသုံးချ လေ့ရှိတယ်။ အသုံးတည့်အောင်လည်း ပြင်ဆင်ပေးတတ်တယ်။

အဲ့ဒီမူကတော့ အခုအချိန်အထိ မပျက်သေးဘူး။ ရောက်တဲ့နေရာတိုင်း သုံးလို့ရသလောက် သုံးနေတုန်းပါပဲ။ ပရီး မီးယားလိဂ် အခြေချစဉ်အခါမှာ ရော်ဘင်ကို သူဟာ တောင်ပံမှာ စွယ်စုံသုံးခဲ့တယ်။
အဲ့ဒီတောင်ပံကို အစွမ်းကုန်ဖြန့်ပြီး ဆုဖလားတွေအနား တိုးတိုးသွားပြီး ချန်ပီယံဆုတွေ ဆွတ်ခူးရယူခဲ့ဖူးတယ်။
အခုလည်း ရော်ဘင်လို တောင်ပံတိုက်စစ်သမား ဆွန်ဟောင်မင်ကို အားကိုးပြီး ဂိုးတွေ ယူပြနေတယ်။
အနိုင်ပွဲတွေ ဆက်နေစေတယ်။ စည်းကမ်းကို အခြေခံတယ်။ တာဝန်တွေ ပြီးမြောက်အောင် ခွဲဝေယူစေတယ်။ သူ့ မူပိုင်ဟန်ကို ကစားသမားတွေ လိုက်နိုင်အောင် ပြင်ဆင်တယ်။
ရှင်းပါတယ်။ ၄-၂-၃-၁ ပဲ သွားသွား၊ ၄-၃-၃ ပဲ ဆန်ဆန်၊ ရှေ့မှာရှိတဲ့ တိုက်စစ်သမားတွေရဲ့အလုပ်က တစ်ဖက်ခံ စစ်ကို ပြိုအောင် နည်းမျိုးစုံနဲ့ ဖြိုချဖို့ပါပဲ။
ကိန်းဟာ တကယ်တမ်းမှာ တိုက်စစ်သမားစစ်စစ် ဖြစ်တယ်ဆိုတာထက် ဂိုးရဖို့ ကစားဖော်တွေအတွက် ဖန်တီးသူ သက်သက် ဖြစ်စေတယ်။ ဆွန်ဟာ တိုက်စစ်သမားအဖြစ် ကိန်းနေရာဝင်ထောက်ပြီး ဂိုးတွေ ရှာပြီးဖောက်နေတဲ့ သူဖြစ်လာတယ်။
ကိန်းကောင်းလို့ ဆွန်ဂိုးတွေရတာ မှန်တယ်၊ ဆွန်ဟောင်မင် မာနတံခွန် မထူလို့ ကျန်တဲ့သူတွေ ဂိုးရတာကလည်း ဗျူဟာတစ်ခုလိုပါပဲ။
ဘယ်လိုပဲဖြစ်ဖြစ် ဆွန်ဟောင်မင်ကတော့ စပါးရဲ့ စပယ်ရှယ်လစ် မော်ရင်ညိုလက်ထဲက အဆုံးသတ်သမား ကောင်းတစ်ယောက်လို ဖြစ်လာပြီ။ အောင်မြင်လာသလောက် တန်ကြေးတွေလည်း မြင့်တက်လာပြီ ဆိုရမယ်။

တစ်ဆင့်ချင်းတက်တဲ့ လှေကားထစ်တွေမှာ ဆွန်ဟောင်မင်ဟာ ခေတ်အလိုက် အောင်မြင်တဲ့ အာရှဘောလုံးသမားလို့ ဆိုရမယ်။
ပြီးတော့ အသိအမှတ်ပြုချင်တာက ပွဲတိုင်းမှာ ကစားပွဲအပေါ် အာရုံမလွတ်တမ်း ဖမ်းထားနိုင်တဲ့ စိတ်ဓာတ်ပါပဲ။ တိုက်မယ်၊ လိုက်မယ်၊ ဖျက်မယ်။ တိုးဝင်မယ်၊ ရုန်းထွက်နိုင်သလောက် သူရုန်းကစားမယ်။
သူများထက် ခွန်အား နှစ်ဆ၊ သက်လုံ မကျသွားအောင် ပြင်ဆင်လေ့ကျင့်မှုကလည်း မပြတ်တမ်းရှိနေတာ သူ့အထာက တစ်မျိုးပါပဲ။
တစ်ခုရှိတာက သူအထိမနာဖို့၊ ကြံ့ခိုင်မှု မကျဆင်းဖို့ ဘယ်လိုမျိုး မော်ရင်ညို ကာကွယ်ပေးနိုင်မလဲဆိုတာ ကြည့်ရမယ်။
ကိုယ်တွေအဖို့တော့ တစ်ပတ်မှာတစ်ခါ ဆွန်ဟောင်မင် ဘောလုံးပြိုင်ပွဲတွေမှာ ဂိုးသွင်းလိုက်တယ်ဆိုတာနဲ့ အာရှသားပီပီ လက်သီးလက်မောင်းတန်းပြီး ကျေနပ်ပီတိ ဖြစ်နေမိတော့တာပါပဲ။