အာတီတာ၏အိုဇေးလ်အား ချန်လှပ်မှုအပေါ် ရော်ဂျာ်ထောက်ခံ

လက်စတာနည်းပြဘရန်ဒန်ရော်ဂျာသည် မီဆတ်အိုဇေးလ်အား အာဆင်နယ်လူစာရင်းတွင် ချန်လှပ်ခဲ့သည့် နည်းပြအာတီတာ၏ဆုံးဖြတ်ချက်ကို ထောက်ခံကြောင်း ပြောကြားလိုက်သည်။ အိုဇေးလ်သည် အာဆင်နယ်၏ ယူရိုပါလိဂ်နှင့် ပရီးမီးယားလိဂ်လူစာရင်းတို့တွင် ချန်လှပ်ခြင်းခံထားရရာ ၎င်း၏အာဆင်နယ်ကစားသမားဘဝမှာအဆုံးသတ်သွားပြီဖြစ်သည်။

အိုဇေးလ်သည် ယင်းသို့ ချန်လှပ်ခြင်းခံရပြီးနောက် မကြာသေးမီတုန်းက မျက်မှောက်ခေတ်တွင် သစ္စာရှိမှုပျောက်ဆုံးသွားပြီ ဖြစ်ကြောင်း ဝေဖန်ပြောကြားခဲ့သည်။

သို့ရာတွင် ဘရန်ဒန်ရော်ဂျာသည် အာတီတာ၏အိုဇေးလ်အား အငြင်းပွားဖွယ်ရာ ချန်လှပ်မှုအပေါ် ထောက်ခံကြောင်း ပြောကြားလာသည်။

ရော်ဂျာက “ကျွန်တော်ဆိုရင်လည်း မီခေးလ်လိုဘဲလုပ်လာမှာပါ။ အိုဇေးလ်က ပါရမီရှင်ကစားသမားပါ။ ဒါပေမယ့် ဒါက အသင်းတည်ဆောက်ပုံ(နည်းပြရဲ့)နဲ့ သက်ဆိုင်နေပါတယ်။ ကျွန်တော်တို့မှာ ကစားသမားအားလုံးကို ခံစစ်ပိုင်းမှာရော တိုက်စစ်ပိုင်းမှာပါ လု်ပဆောင်ပေးဖို့ လိုအပ်ပါတယ်။ အသင်းက ဦးနှောက်တစ်ခုတည်းနဲ့ဘဲ လှုပ်ရှားရပါမယ်။ အိုဇေးလ်က အံ့ဩစရာကောင်းတဲ့ ပါရမီဖြစ်သလို ဖန်တီးမှုလည်း အားကောင်းပါတယ်။ ဒါကတော့ လုံးဝ အသေအချာပါပဲ။ အဆုံးသတ်ပေးပို့မှုကို သူလုပ်နိုင်တယ်။ ဒါက တစ်ကိုယ်တော် အစွမ်းပါ။ ဒါပေမယ့် တကယ်လို့များ ကစားသမားတစ်ဦးဦးကို ပွဲမှာ ပြိုင်ဘက်ကို ဖိခြင်းလည်း မလုပ်နိုင်ဘူး၊ ဖိလည်း မဖိချင်ဘူးဆိုရင်တော့ ကိုယ့်ရဲ့တိုက်စစ်တည် ဆောက်ပုံနဲ့ ခံစစ်တည်ဆောက်ပုံကို ထိခိုက်လာပြီဖြစ်ပါတယ်။ တစ်ယောက်ယောက်က ကိုယ့်အလုပ်ကို မလုပ်တာနဲ့ ထိခိုက်နာကျင်ရပါပြီ။ သူက ပါရမီရှင်တစ်ဦးပါ။ ဒါပေမယ့် အလုပ်လုပ်တဲ့ပါရမီလည်း ရှိဖို့ လိုပါတယ်။ ကျွန်တော်ကတော့ ကျွန်တော်တို့တိုက်စစ်သမားတွေကို နောက်ပြန်မဆင်းနိုင်ဘူးဆိုရင် ရှေ့သို့အရမ်းမတက်နိုင်လို့ ပြောထားပါတယ်။ လက်ရှိ ဥရောပချန်ပီယံဘိုင်ယန်ကို ကြည့်လိုက်ပါ။ ဆာဂျီယိုဂနာဘရီနဲ့ မူလာတို့ဟာ နေရာစုံလိုက်ကစားတယ်။ သူတို့ ဘယ်လောက်အလုပ်ကြိုးစားလိုက်သလဲ။ လီဗာပူးမှာဆိုရင်လည်း ရောဘတ်တိုဖာမီနိုနဲ့ ဆာဒေယိုမာနေးရှိတယ်။ ပါရမီရှိတာကောင်းတယ်။ ဒါပေမယ့် ထိပ်တန်းအဆင့်မှာ အသင်းကြီးအတွက် ပွဲကြီးကစားမယ်ဆိုရင် လုပ်အားပါရမီလည်း ရှိဖို့လိုတယ်”ဟု ပြောကြားသွားသည်။

အာဆင်နယ်တို့သည် ယနေ့ညတွင် လက်စတာနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။ ၎င်းတို့သည် အဆင့် ၈၊ ၇ နေရာတို့တွင် ရပ်တည်နေကြသည့် အသင်းများဖြစ်ပြီး အဖွင့်ပွဲ ၅ ပွဲတွင် ၃ ပွဲနိုင်၊ ၂ ပွဲရှုံး ရလဒ် ရရှိထားသည်။

Facebook Comments Box
Facebook Comment