
အာတီတာနဲ့ အာဆင်နယ်ပြဿနာကို အဖြေရှာခြင်း
မောင်ဖိုးကွန့်
အခု 2020-21 ဘောလုံးရာသီက တော်တော်ထူးခြားပြီး ပြဿနာတွေလည်း တော်တော်အရောင်စုံတယ်လို့ ပြောရမယ်။
EPL အသင်းတွေ နှစ်စဉ်နှစ်တိုင်း ရင်ဆိုင်နေရတဲ့ ဒဏ်ရာပြဿနာ၊ ပွဲဆက်တိုက်ကစားရတဲ့ ပြဿနာအပြင် ကိုဗစ် 19 ကြောင့် ကွင်းပိတ်ကစားရတာတွေ၊ ကန့်သတ်ထိန်းချုပ်မှုတွေကြောင့် စိတ်သွားတိုင်းကိုယ်မပါတဲ့ အခြေအနေတွေ၊ ပွဲကြည့်ပရိသတ်မပါလို့ ကစားရတာ စိတ်ခံစားမှု လျော့ကျနေတာတွေနဲ့ VAR အားကောင်းလာတာကြောင့် ဂိုးသွင်းပြီးရင်တောင် ကိုယ့်ဂိုးက တရားဝင်ဖြစ်ပါ့မလားဆိုတဲ့ အခြေအနေနဲ့ ပူပန်ပြီး စောင့်ဆိုင်းနေရတာတွေ . . . .ပြောရမယ်ဆိုရင် ဒီထက်အများကြီး ပိုတဲ့ပြဿနာတွေ ရှိပါသေးတယ်။
အခုပြောခဲ့တာတွေက အပေါ်ယံမြင်ရုံနဲ့ ခန့်မှန်းလို့ရတဲ့ ပြဿနာတွေလောက်ပဲ ရှိပါသေးတယ်။
ဒီလို အခြေအနေတွေကြောင့် ဒီနှစ် EPL မှာ ဘယ်အသင်းက ချန်ပီယံလမ်းကြောင်းမှာ၊ ဘယ်အသင်းကတော့ ဥရောပဝင်ခွင့်၊ ဘယ်အသင်းက တန်းဆင်းဇုန်ရုန်းရမယ်ဆိုတဲ့ အခြေအနေတွေက အခု ရာသီတစ်ဝက်ကျိုးခါနီးအချိန် ရောက်တဲ့အထိ ထိပ်ဆုံးအသင်းနဲ့ အောက်ဆုံးအသင်းလောက်ပဲ ခန့်မှန်းလို့ ရပါသေးတယ်။
ကျန်တဲ့အသင်းတွေကတော့ ထိပ်ဆုံးနားရောက်သွားလိုက်၊ ခဏနေရင် အဆင့် ၁၀ အောက်ပြန်ရောက်လိုက်နဲ့ ရလဒ်ပိုင်းရော ခြေစွမ်းပိုင်းရောက အတက်အကျ ကြမ်းလွန်းနေတာကို အားလုံး သတိထားမိကြလိမ့်မယ် ထင်ပါတယ်။
အဲဒီလိုဖြစ်နေတဲ့ အသင်းတွေထဲမှာ အဆိုးဆုံးပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့ အသင်းကတော့ (အားလုံး ခေါင်းစဉ်မှာလည်း ဖတ်ထားပြီးသားဖြစ်လို့ သိပြီးသားဖြစ်ပါလိမ့်မယ်) အာဆင်နယ်ပါပဲ။
ဟုတ်ပါတယ်။ အာတီတာနဲ့အတူ ဒီရာသီမှာ အာဆင်နယ်က အဆင့်တစ်ခုကို တက်လှမ်းလာနိုင်မယ်လို့ အားလုံးက မျှော်လင့်ထားကြတဲ့ အာဆင်နယ်ပါပဲ။

ဒီလိုမျှော်လင့်ထားတာကလည်း အာဆင်နယ်ဟာ အာတီတာရဲ့လက်အောက်မှာ မနှစ်ကထက် ပိုပြီးတည်ငြိမ်လာမယ်၊ တိုးတက်လာမယ်လို့ မျှော်လင့်ထားတဲ့ မျှော်လင့်ချက်တွေကြောင့်ပါ။
နိုဝင်ဘာ(၁)ရက်နေ့က ယူနိုက်တက်နဲ့ နိုင်ပွဲရပြီး ဒီဇင်ဘာပွဲကြပ်ကာလကို စဝင်တဲ့အချိန်မှာတော့ အာဆင်နယ်အသင်း ပုံပျက်လာခဲ့တယ်။
အခုဆို နိုင်ပွဲပျောက်နေတာ ၆ ပွဲရှိခဲ့ပြီဖြစ်ပါတယ်။ ပိုပြီးဆိုးရွားတဲ့ မှတ်တမ်းက အာဆင်နယ်ဟာ ယူနိုက်တက်ကို နိုင်ပြီးတဲ့နောက်ပိုင်းမှာ သွင်းဂိုးထက် အနီကတ်ရတဲ့ အရေအတွက်က ပိုများနေတယ်ဆိုတဲ့ မှတ်တမ်းပါပဲ။
ဒီသတင်းကို ဖတ်ပြီးတဲ့အချိန်မှာ အာဆင်နယ်အသင်း အခြေအနေက ဘာဖြစ်နေတာလဲဆိုတာကို ကျွန်တော် နည်းနည်း သံသယရှိလာခဲ့တယ်။
အသင်းကစားသမားတွေရဲ့စိတ်ခံ၊ စည်းလုံးညီညွတ်မှုနဲ့ စည်းကမ်းသေဝပ်မှု အပိုင်းတွေမှာ အားနည်းချက်တွေ များနေပြီဆိုတဲ့ သံသယပဲ ဖြစ်ပါတယ်။
ဒီအတွေးနဲ့ပတ်သက်ပြီး အာဆင်နယ်မှာ စည်းကမ်းပိုင်းဆိုင်ရာနဲ့ စည်းလုံးမှုပိုင်းဆိုင်ရာ အားနည်းချက်တွေကို ကျွန်တော် ပြန်စဉ်းစားကြည့်မိတယ်။
ဘယ်ကစားသမားတွေက အာဆင်နယ်အတွက် ပြဿနာရှိနေလဲ။
ဒီရာသီမတိုင်ခင်က ဖြေရှင်းခဲ့ပြီးသားတွေကိုပါ ပြန်ပြီးကြည့်ဖို့ လိုပါတယ်။

ပထမဆုံးကစားသမားက အိုဇေး . . . .။ ဟုတ်ပါတယ် အသင်းမှာ လစာအများဆုံး ရနေသလို အားအကိုးရဆုံး ကစားသမားတစ်ယောက်ပါ။
နောက်ပြီး လက်ရှိကစားသမားတွေ အားလုံးထဲမှာ Creation အကောင်းဆုံးကစားသမားတစ်ယောက်လည်း ဖြစ်ပါတယ်။
အိုဇေးဟာ အာတီတာ မရောက်လာခင်ကတည်းက နည်းပြအူနိုင်းအမ်မရီနဲ့ အဆင်မပြေဖြစ်ခဲ့ပြီး အာတီတာ နည်းပြဖြစ်လာတဲ့အချိန်မှာ ၁ ပွဲ၊ ၂ ပွဲလောက် နေရာရခဲ့ပါသေးတယ်။
အဲဒီနောက်ပိုင်းမှာ နည်းပြက ဆက်မသုံးတော့တာကတော့ ကစားသမားက နည်းပြလိုချင်တဲ့ ပုံစံမျိုးကို လိုက်မကစားတာဆိုတဲ့အဖြေ ထွက်ပါတယ်။
နည်းပြလိုချင်တဲ့အတိုင်း လိုက်ကစားတယ် ဒါပေမဲ့ အရည်အသွေးမမီလို့ လိုချင်တာမရဘူးဆိုရင် ဒီကစားသမားက ပြုပြင်ဖို့ အဆင်ပြေပါသေးတယ်။
နည်းပြလိုချင်တာကို လိုက်မကစားဘဲ ကိုယ်ကစားချင်သလို ကစားတာကတော့ သူကစားချင်တဲ့ပုံစံအတိုင်း နည်းပြက နည်းစနစ်ကို ပြောင်းလဲကစားပေးမှ အဆင်ပြေမှာပေါ့။
ရှင်းရှင်းပြောရရင် ငါကစားချင်သလို မကစားရရင် မကစားဘူးဆိုတဲ့ သဘောပါပဲ။
ကစားသမားတစ်ယောက်မှာ မရှိသင့်တဲ့ စိတ်ထားနဲ့ ကျင့်ဝတ်ဖြစ်ပါတယ်။ အခု အာဆင်နယ်အသင်း ရလဒ်ဆိုးတဲ့အချိန် ပရိသတ်တွေက အိုဇေးကို ပြန်သုံးဖို့ ပြောကြပါတယ်။
ကျွန်တော့်အမြင်အရ အိုဇေးကိုပြန်သုံးလည်း အဆင်ပြေလိမ့်မယ် မထင်ဘူး။ ယူနိုက်တက်နဲ့ ပေါ့ဂ်ဘာ ဖြစ်နေတဲ့ပြဿနာထက် အိုဇေးက ပိုဆိုးတယ်လို့ထင်ပါတယ်။
နောက်ပြဿနာရှိတဲ့ ကစားသမားကတော့ ဒေးဗစ်လူးဝစ္စပဲ။ ပွဲထွက်ခွင့်ရတဲ့ပွဲဆို အားကြိုးမာန်တက် ကစားတယ်။
သူ့အသက်အရွယ်နဲ့ သူအားထုတ်နိုင်သမျှ အတိုင်းအတာအထိ သူလုပ်တယ်။

ဒါပေမဲ့ သူ့ရဲ့စိတ်ခံအခြေအနေကိုက အသင်းကို ပေးဆပ်ပုံ မှားနေတယ်။ သူဆောင်တဲ့အလုပ်တွေက အသင်းအတွက်ဆိုပေမယ့် ရလဒ်က အသင်းအတွက် ပိုကောင်းတဲ့ အခြေအနေကို ဦးမတည်ဘဲ ပိုဆိုးတဲ့အခြေအနေရောက်အောင် တွန်းပို့သလို ဖြစ်နေခဲ့တယ်။
အဓိကပြဿနာက နည်းပြနဲ့ သူနဲ့က အသက်အရွယ်အားဖြင့် အများကြီးကွာတာမဟုတ်ဘဲ နည်းပြရဲ့ ညွှန်ကြားချက်တွေအပေါ် လေးစားမှုမရှိတဲ့ အနေအထားတွေကြောင့် ဒီလိုဖြစ်လာတယ်လို့ ယူဆရပါမယ်။
နောက်တစ်ယောက်ကတော့ ပက်ထရစ်အီဗရာက ရုပ်သံအစီအစဉ်မှာ ပေါ်တင်ဝေဖန်ခဲ့တဲ့ အသင်းခေါင်းဆောင်လက်ပတ်နဲ့ ဇာခါပါပဲ။
ဒီသတင်းကို အားလုံးလည်း ဖတ်မိကြလို့ သိကြမှာပါ။ အဲဒီသတင်းမှာ အီဗရာ ပြန်ပြောသလိုပဲ အွန်နရီအနေနဲ့ ဇာခါလိုလူမျိုးက အာဆင်နယ်အသင်းခေါင်းဆောင် မဖြစ်ထိုက်ဖူးဆိုတဲ့အမြင်မှာ ဘာမှတုံ့ပြန်လို့မရဘူး။
ဘာဖြစ်လို့လဲဆိုတော့ အွန်နရီပြောသလိုပဲ ဇာခါဟာ အသင်းသားတွေကို ဦးဆောင်ဖို့ လုံလောက်တဲ့ စိတ်ဓာတ်နဲ့ ခံယူချက်မျိုး မရှိလို့ပါပဲ။
ကျွန်တော် အခုပြောခဲ့တဲ့ ကစားသမား(၃)ယောက်ဟာ အသင်းရဲ့ဝါရင့်စီနီယာ ကစားသမားတွေပါ။ ဘောလုံးအသင်းတစ်သင်းမှာ စီနီယာတွေရှေ့က ဦးဆောင်လမ်းပြတဲ့နောက်ကို နောက်တက်လူငယ်တွေက ဖဝါးထပ်ချပ် လိုက်တဲ့သဘော ရှိပါတယ်။

ဘာကြောင့် ဒီလိုပြောနိုင်သလဲဆိုရင် ဖူဟမ်-အာဆင်နယ်ပွဲမတိုင်ခင်မှာ အန်ကီတီယာနဲ့ ဆီဘယ်လော့စ်တို့ သွေးပူလေ့ကျင့်ရေးလုပ်ရင်း ထိုးကြကြိတ်ကြတယ်။
လေ့ကျင့်ရေးကွင်းမှာ ဆီဘယ်လော့စ်နဲ့ ဒေးဗစ်လူးဝစ္စတို့ စိန်ခေါ်ထိုးတဲ့အထိ ရန်ဖြစ်ကြတယ်။
ဒါ့အပြင် သေချာအတည်မပြုနိုင်ဘဲ ပြဿနာတွေရှိနေတဲ့ လာကာဇက်၊ တော်ရဲရား၊ ကိုလာစီနက် စတဲ့ ကစားသမားတွေရဲ့ရန်ပွဲတွေကလည်း ခဏခဏ ကြားခဲ့ရပါတယ်။
ဒါမျိုးသတင်းတွေက အာဆင်နယ်နဲ့ ပတ်သက်လို့ နှစ်ပတ်သုံးပတ် တစ်ခါလောက် မြင်နေရကြပါတယ်။
အသင်းသားအချင်းချင်း လေ့ကျင့်ရေးမှာ မကြာမကြာ ရန်ဖြစ်နေ၊ ထိုးကြိတ်နေကြတာကို အာတီတာ မဖြေရှင်းနိုင်ရင် ပွဲတွေမှာ သွင်းဂိုးထက် အနီကတ်အရေအတွက် များနေတာကို ဘယ်လိုများဖြေရှင်းမလဲ။
တကယ်ဆိုရင် အာတီတာက ကစားသမားဘဝကနားပြီး ချက်ချင်းနည်းပြဘဝကို ခုန်ကူးလာခဲ့တဲ့သူပါ။
ကစားသမားတွေနဲ့ ဆက်ဆံစည်းရုံးမှု အပိုင်းမှာလည်း (မန်စီးတီးလက်ထောက်ဘဝမှာ) တော်တော်အဆင်ပြေခဲ့ပါတယ်။
ဒါပေမဲ့ နည်းပြတစ်ယောက်အနေနဲ့ ကစားသမားတွေကို ထိန်းချုပ်ဆက်ဆံတဲ့နေရာမှာ လိုက်လျောမှုက တစ်ခါတလေ လိုအပ်သလို တစ်ခါတရံမှာတော့ ပြတ်ပြတ်သားသားဆက်ဆံဖို့ လိုပါတယ်။
လက်ရှိအာဆင်နယ်အနေအထားက အပေါ်မှာ ကျွန်တော်ပြောပြခဲ့တဲ့ ကစားသမား (၃)ယောက်ကတော့ မဖြစ်မနေ ရှင်းကိုရှင်းထုတ်ပစ်ဖို့ လိုပါတယ်။
ကျန်တဲ့ကစားသမားတွေထဲမှာလည်း ပြဿနာကို ဦးဆောင်မယ့် ကစားသမားတွေကို ရှင်းထုတ်ပြီးမှ ကျွန်တော်တို့ သဘောကျခဲ့တဲ့ အာဆင်နယ်ကို ပြန်တွေ့ရမှာပါ။
လက်ရှိနည်းပြ အာတီတာအနေနဲ့ကတော့ ဗိုင်းရပ်စ်တွေကို မရှင်းနိုင်ရင် သိပ်မကြာခင်မှာ ဘီလစ်နောက်ကိုလိုက်ရတဲ့ နည်းပြဘဝကိုရောက်ဖို့ နီးစပ်နေပြီဆိုတဲ့အကြောင်း . . .