အာဆင်နယ်၌ ဝီလီယံ တောက်ပမည်ဟု အာတီတာထောက်ခံ ပြောကြား

မီခေးလ်အာတီတာက ဝီလီယံမှာ အာဆင်နယ်၌ ကောင်းသထက် ကောင်းမွန်လျက်ရှိနေကြောင်း ပြောကြားလိုက်သည်။ ချဲလ်ဆီးစတားဟောင်းသည် ဖူလ်ဟမ်ကို ၃-၀ ဂိုးဖြင့် အနိုင်ရရှိသည့် ပရီးမီးယားလိဂ် အဖွင့်ပွဲတွင် ၂ ဂိုးရအောင် ဖန်တီးကာ အာဆင်နယ် ကစားသမားဘဝကို လှပစွာ စတင်နိုင်ခဲ့သူ ဖြစ်သည်။

သို့ရာတွင် သူသည် အာဆင်နယ်အတွက် နောက်ကစားသည့် ၈ ပွဲတွင် ဖန်တီးမှု တစ်ကြိမ်မျှ ပြုလုပ်နိုင်ခြင်း မရှိသေးသလို အာဆင်နယ်အတွက် ပထမဆုံးဂိုးကိုပင် သွင်းနိုင်ခြင်း မရှိသေးပါဘူး။

သူသည် အကောင်းဆုံးပုံစံ ရရှိရေး ရုန်းကန်နေရသော်လည်း အာဆင်နယ်ပွဲထွက် လူစာရင်းတွင် ပုံမှန် ပါဝင်ခွင့် ရရှိနေသည်။ အခြားတစ်ဖက်တွင် ပီပီမှာ ယခုရာသီတွင် အာဆင်နယ်အတွက် ၃ ဂိုးသွင်းယူကာ ဝီလီယံ၏နေရာကို ခြိမ်းခြောက်လာသည်။

သို့ရာတွင် အာတီတာက “ဖူလ်ဟမ်နဲ့ သူ့ရဲ့ ပထမဆုံးပွဲမှာ သူတာထွက် အရမ်းကောင်းခဲ့တယ်။ နောက်တော့ သူ ဒဏ်ရာရတယ်။ လေ့ကျင့်ခန်း ကောင်းကောင်း မလုပ်နိုင်ခဲ့ဘူး။ ရာသီကြို လေ့ကျင့်ခန်းလည်း မလုပ်ခဲ့ရဘူး။ အခြားသူတွေထက် နောက်ကျပြီးတော့မှလည်း အသင်းသို့ ရောက်လာတယ်။ နောက်တော့ ရှေ့တန်းသုံးယောက်ကို ကျွန်တော်တို့ အပြောင်းအလဲ လုပ်လိုက်တယ်။ ဒီတော့ သူတို့သုံးယောက်အနေနဲ့ ကွင်းထဲမှာ အပြန်အလှန် နားလည်မှုရအောင် ရဖို့ လိုအပ်လာတယ်။ နောက်ဆုံးနှစ်ပွဲမှာ တိုးတက်လာမှုကို မြင်ခဲ့ရပါတယ်။ သူဟာ အရင်တုန်းက မကြုံခဲ့ဖူးတဲ့ အသင်းရဲ့စနစ်နဲ့ပတ်သက်ပြီး ပိုပြီးတော့ နားလည်လာတယ်။ သူ့မှာ ရှိတဲ့ အရည်အသွေးတွေကို ကျွန်တော်တို့ အားလုံး သိထားကြပြီး ဖြစ်ပါတယ်။ သူက ကွဲပြားအောင် လုပ်နိုင်တဲ့ ကစားသမားတစ်ဦး ဖြစ်ပါတယ်။ အရာရာ အားလုံး ကြပ်သိပ်နေတဲ့အချိန်မျိုးမှာ တံခါးပွင့်လာအောင် လုပ်ဆောင်နိုင်စွမ်း ရှိပါတယ်။ အိုးထရက်ဖို့ဒ်ပွဲတုန်းကဆို သူ တော်တော်လေး ကောင်းခဲ့ပါတယ်”ဟု ပြောကြားသွားသည်။

အာဆင်နယ်သည် တနင်္ဂနွေနေ့တွင် ဗီလာကို ဧည့်ခံကစားရမည် ဖြစ်သည်။

Facebook Comments Box
Facebook Comment