အာဆင်နယ်အနာဂတ်နှင့်ပတ်သက်ပြီး လာကာဇက်တီ ရှင်းရှင်းလင်းလင်း ပြောလာပြီ

အလက်ဇန္ဒားလာကာဇက်တီက အာဆင်နယ်မှ ထွက်ခွာရန် အစီအစဉ်မရှိကြောင်းနှင့် ကလပ်မှာ နည်းပြမီခေးလ်အာတီတာ၏ဦးဆောင်မှုနှင့် အတူ လှပသည့် အနာဂတ် ပိုင်ဆိုင်ထားကြောင်း ပြောကြားလာသည်။

မန်စီးတီးတွင် ဂွါဒီယိုလာ၏လက်ထောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် အာတီတာသည် ယူနိုင်းအမ်မရီ၏နေရာတွင် အစားထိုး ခန့်အပ်ခြင်းခံခဲ့ရပြီးနောက် အာဆင်နယ်အတွက် အက်ဖ်အေဖလားနှင့် ကွန်မြူနတီဒိုင်းဖလားတို့ ရယူပေးထားသည်။

ပြင်သစ်တိုက်စစ်မှူးလာကာဇက်တီသည် အာဆင်နယ်တွင် အနာဂတ်မရေမရာ ဖြစ်နေသည်ဟု သတင်းများ ထွက်ပေါ်နေပြီး ဂျူဗင်တပ်၊ အက်သလက်တီကိုတို့၏ ပစ်မှတ်ထားခြင်း ခံနေရသည်။ သို့ရာတွင် လိုင်ယွန်တိုက်စစ်မှူးက အာဆင်နယ်တွင် ဆက်ရှိနေမည်ဟု ပြောကြားကာ အနာဂတ်နှင့်ပတ်သက်၍ ထွက်ပေါ်နေသည့် သတင်းများကို ရှင်းလင်းလာပြီ ဖြစ်သည်။

လာကာဇက်တီက “အခု အာဆင်နယ်မှာ ရှိနေပါတယ်။ ငါးနှစ်စာချုပ်ချုပ်ဆိုထားတာ ဆုဖလားတွေ ရယူဖို့ ပိုကောင်းအောင် လုပ်ဆောင်ဖို့ ဖြစ်ပါတယ်။ စာချုပ်သက်တမ်း ၂ နှစ်ကျန်ပါသေးတယ်။ ပြီးတော့ ဒီမှာဘဲ ဆက်ကစားဖို့ ဆုံးဖြတ်ထားပါတယ်”ဟု L’Equipe သို့ ပြောကြားသွားသည်။

စပိန်မီဒီယာများက အက်သလက်တီကိုမက်ဒရစ်သည် လာကာဇက်တီအား ခေါ်ယူနိုင်ရန် ကွင်းလယ်ကစားသမားသောမတ်စ်ပါတေးကို အလိုက်ပေး ကမ်းလှမ်းရန် စီစဉ်နေကြောင်း ရေးသားနေကြသည်။ သို့ရာတွင် လာကာဇက်တီက ယင်းသတင်းမှာ မဟုတ်မှန်ကြောင်း ပြောကြားသွားသည်။

အာဆင်နယ်သည် ယနေ့ညတွင် ဖူလ်ဟမ်နှင့် ပရီးမီးယားလိဂ်အဖွင့်ပွဲ ကစားသွားရမည်ဖြစ်သည်။

Facebook Comments Box
Facebook Comment