အာဆင်နယ်သို့ လက်ထောက်နည်းပြအဖြစ် ဘားကမ့် ပြန်လာမလား?

အာဆင်နယ်နည်းပြအာတီတာသည် ဂန္ထဝင်တိုက်စစ်မှူးဒင်းနစ်ဘားကမ့်အား အမ်းမရိသတ်သို့ ပြန်လာစေလိုလျက်ရှိနေကြောင်း သိရသည်။ အာတီတာသည် မကြာသေးမီတုန်းက လက်ထောက်နည်းပြရာထူးမှ နုတ်ထွက်သွားခဲ့သည့် ယွန်းဘတ်၏နေရာတွင် ဒတ်ချ်ဂန္ထဝင်တိုက်စစ်မှူးနှင့်အစားထိုးလိုနေခြင်းလည်း ဖြစ်သည်။အသက် ၅၁ နှစ်ရှိ ဘားကမ့်သည် အာဆင်နယ်တွင် ၁၁ နှစ်ကြာ ကစားလာခဲ့သူဖြစ်ပြီး အမ်းမရိတ်ကွင်းအပြင်ဘက်တွင် ရုပ်ထု ထုလုပ်ဂုဏ်ပြုခြင်းခံထားရသူလည်းဖြစ်သည်။ ထိုကြောင့် အာတီတာက ဘားကမ့်မှာ လက်ရှိအသင်းရှိကစားသမားများ၏လေးစားမှုခံရရန် သေချာနေပြီး နည်းပြအဖွဲ့အတွက် အားတက်စရာဖြစ်လာမည်ဟု ယုံကြည်နေသည်။

အစောပိုင်းတုန်းက အာတီတာသည် လက်ထောက်နည်းပြရာထူးအတွက် အလယ် တန်းကစားသမားဟောင်းဆန်တီကာ ဇိုလာကို စဉ်းစားခဲ့သော်လည်း စပိန်ကစားသမားမှာ ကစားသမားဘဝမှအနားယူခြင်းမရှိသေးဘဲ ကာတာကလပ်အယ်လ်ဆက်ဒ်သို့ ပြောင်းရွှေ့သွားခဲ့သည်။

ဘားကမ့်သည် လွန်ခဲ့သည်သုံးနှစ်တုန်းက အေဂျက်စ်လက်ထောက်နည်းပြရာထူးမှ ထုတ်ပယ်ခြင်းခံခဲ့ရပြီးနောက် အမ်စတာဒမ်အခြေစိုက် အသင်းငယ်လေး အယ်မီရီစီးတီးကို စေတနာ့ဝန်ထမ်းနည်းပြအဖြစ် ကိုင်တွယ်ပေးနေသူလည်းဖြစ်သည်။ သူသည် နည်းပြလောကသို့ ပြန်လည်ဝင်ရောက်လိုနေရာ အာတီတာကသာ တရားဝင်ကမ်းလှမ်းလာပါက လက်ခံရန် သေချာသလောက်ရှိနေသည်။

ဘားကမ်သည် အာဆင်နယ်တွင် ၁၉၉၅ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ ကစားခဲ့သူဖြစ်ပြီး ပရီးမီးယားလိဂ်ဖလား သုံးကြိမ်နှင့် အက်ဖ်အေဖလား လေးကြိမ် ဆွတ်ခူးနိုင်ခဲ့သူဖြစ်သည်။

မကြာသေးမီတုန်းက အင်တာဗျူးတစ်ခုတွင် ဘားကမ့်က “အာတီတာကို အရမ်းစိတ်ဝင်စားတယ်။ သူဘယ်လိုအမြင်တွေနဲ့လုပ်မလဲ။ သူတို့ရဲ့ဖီလိုဆိုဖီကို သူ ပြောင်းလဲပစ်ချင်ဖို့ရှိတယ်။ အချိန်ကျလာရင်တော့ အဲဒီကို ပြန်ချင်တယ်။ ဘယ်တာဝန်နဲ့ဘဲ ဖြစ်ဖြစ်ပေါ့။ အဲဒီမှာ ကျွန်တော် ၁၁ နှစ်ကစားခဲ့တယ်။ ကလပ်နဲ့ အားလုံးအဆင်ပြေတယ်”ဟု ပြောကြားခဲ့ဖူးသည်။

Facebook Comments Box
Facebook Comment