အာဆင်နယ်နှင့် သက်တမ်းမတိုးမီ အော်ဘာမီယန်ကို ဘာစီလိုနာ ကမ်းလှမ်းခဲ့

ဘာစီလိုနာအသင်းသည် အာဆင်နယ်တိုက်စစ်မှူး အော်ဘာမီယန်ကို လန်ဒန်အခြေစိုက်ကလပ်နှင့် သက်တမ်းမတိုးမီ ခိုင်မာသည့် ကမ်းလှမ်းမှုတစ်ခုဖြင့် ကမ်းလှမ်းခဲ့သေးကြောင်း စပိန်မီဒီယာများက ဖော်ပြသည်။

အသက် ၃၁ နှစ်အရွယ် ဂါဘွန်လက်ရွေးစင် အော်ဘာမီယန်သည် ယခုဘောလုံးရာသီအကုန်တွင် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်ပြီး စာချုပ်သက်တမ်းတိုးရန် ဆွေးနွေးခဲ့သော်လည်း သဘောတူညီမှု ရယူနိုင်သည့် အနေအထားအထိ ရောက်ရှိခဲ့ခြင်း မရှိပေ။

ဘာစီလိုနာအသင်းသည် အော်ဘာမီယန်ကို ယမန်နှစ်ရာသီကတည်းက ခေါ်ယူရန် စိတ်ဝင်စားခဲ့ခြင်းဖြစ်ပြီး အင်တာမီလန်ကလည်း ၎င်းကို ခေါ်ယူနိုင်ရေးအတွက် လန်ဒန်အခြေစိုက်ကလပ်ထံ ဆက်သွယ်ခဲ့ဖူးသည်။

ချန်ပီယံလိဂ်မှ အရှက်တကွဲရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြရော်နယ်ကိုးမန်းကို ခန့်အပ်ခဲ့သော ဘာစီလိုနာသည် တိုက်စစ်ပိုင်း ပြောင်းလဲရန်အတွက် အော်ဘာမီယန်ကို အနီးကပ်စောင့်ကြည့်ခဲ့ပြီး ကာယကံရှင်က လန်ဒန်တွင် ဆက်ရှိ၊ မရှိကို သေချာဆုံးဖြတ်ရခြင်း မရှိသေး၍ အခက်တွေ့ခဲ့ရသည်။

စပိန်မီဒီယာများက ဘာစီလိုနာသည် လွန်ခဲ့သည့် ၂ ရက်ခန့်က အော်ဘာမီယန်ထံ ကမ်းလှမ်းမှုတစ်ခု ပြုလုပ်ခဲ့သော်လည်း နည်းပြအာတီတာ၊ အားကစားဒါရိုက်တာ အီဒူးတို့၏ ဖျောင်းဖျမှုကြောင့် ယမန်နေ့က တစ်ပတ်လစာ ပေါင် ၂ သိန်းခွဲဖြင့် ၃ နှစ်စာချုပ် ချုပ်ဆိုခဲ့သည်။

ထို့ကြောင့် အော်ဘာမီယန်သည် တစ်ပတ်လစာ ပေါင် ၃ သိန်းရနေသည့် ဂျာမနီကွင်းလယ်လူ အိုဇေးလ်ပြီးနောက် အာဆင်နယ်၏ ဒုတိယ လစာအကောင်းဆုံး ကစားသမားအဖြစ် ရပ်တည် နိုင်ခဲ့သည်။

၂၀၁၈ ဇန်နဝါရီတွင် ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၅၆ သန်းဖြင့် အာဆင်နယ်သို့ ရောက်ရှိလာသော အော်ဘာမီယန်သည် အာဆင်နယ်အတွက် ပြိုင်ပွဲစုံ ၁၁၁ ပွဲတွင် ၇၂ ဂိုးသွင်းထားပြီး ဖူလ်ဟမ်ကို အနိုင်ရခဲ့သော ပရီးမီးယားလိဂ် အဖွင့်ပွဲတွင်လည်း တစ်ဂိုးသွင်းယူခဲ့သည်။

Ref:Marca

Facebook Comments Box
Facebook Comment