အာဆင်နယ်နှင့် ပေါင်သန်း ၆၀ တန် သုံးနှစ်စာချုပ်အား အူဘာမီယန်ချုပ်ဆို

အူဘာမီယန်သည် အာဆင်နယ်နှင့်စာချုပ်သစ်ချုပ်ဆိုကာ အနာဂတ်နှင့်ပတ်သက်၍ ကောလဟလသတင်းများ ထွက်ပေါ်နေမှုများကို အဆုံးသတ်လိုက်ပြီ ဖြစ်သည်။

အသက် ၃၁ နှစ်ရှိ ဂါဘွန်တိုက်စစ်မှူးသည် အာဆင်နယ်နှင့် တစ်နှစ်စာချုပ်သာ ကျန်ခဲ့တော့သည့် သူဖြစ်ပြီး အမ်းမရိတ်မှ ထွက်ခွာမည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သည်မှာ လအတန်ကြာ မြင့်ခဲ့ပြီလည်း ဖြစ်သည်။

သူ့ကို ဥရောပထိပ်သီးကလပ်များက စိတ်ဝင်စားခဲ့ပြီး လာလီဂါထိပ်သီး ဘာစီလိုနာက ထိပ်ဆုံးမှ စိတ်ဝင်စားနေခဲ့သည်။

သို့ရာတွင် အာဆင်နယ်နည်းပြအာတီတာနှင့်ဘုတ်အဖွဲ့ဝင်များသည် ပရိသတ်များ ပျော်ရွှင်နိုင်ရေးအတွက် အသင်းခေါင်းဆောင်ကို စာချုပ်သစ်ချုပ်ဆိုနိုင်အောင် လုပ်ဆောင်လာနိုင်ခဲ့ပြီ ဖြစ်သည်။

အူဘာမီယန်သည် ပြီးခဲ့သည့်အပတ်ကတည်းက အာဆင်နယ်နှင့်စာချုပ်သစ်ချုပ် ဆိုရန် သဘောတူညီမှု ရရှိခဲ့သည်ဟု သတင်းထွက်ပေါ်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ တရားဝင်စာချုပ်ချုပ်ဆိုလာပြီ ဖြစ်သည်။ အူဘာမီယန်သည် အာဆင်နှင့် သုံးနှစ် စာချုပ်သစ်ချုပ်ဆိုလာခြင်းလည်း ဖြစ်သည်။

အူဘာမီယန်က “ဒီမှာ ဆက်ကစားခွင့်ရလို့ ဝမ်းသာပါတယ်။ ဒီမှာဆက်ကစားပြီး အာဆင်နယ်ဂန္ထဝင်ကစားသမားဖြစ်ချင်ပါတယ်။ ဒီမှာ သမိုင်းမှတ်တမ်းတွေ ထားခဲ့ပြီးတော့ ထွက်ခွာချင်ပါတယ်။ အာဆင်နယ်က ကျွန်တော့်ကလပ်ပါ။ ပရိသတ်တွေကို ကွင်းထဲမှာ ပြန်မြင်ရဖို့ မစောင့်နိုင်တော့ပါဘူး”ဟု ပြောကြားသွားသည်။

အူဘာမီယန်သည် စာချုပ်သစ်ကြောင့် တစ်ပတ်လုပ်ခ ပေါင် ၃၅၀၀၀၀ ရရှိမှာ ဖြစ်ပြီး သုံးနှစ်စာချုပ်တန်ဖိုးမှာ ပေါင်သန်း ၆၀ နီးပါး ရှိနေသည်။

သူသည် ပြီးခဲ့သည့်အပတ်က ဖူလ်ဟမ်အား ၃-၀ဖြင့် အနိုင်ရရှိသည့် ပရီးမီးယားလိဂ်အဖွင့်ပွဲတွင် ဂိုးသွင်းယူနိုင်ပြီးနောက် အာဆင်နယ်အတွက် ပရီးမီးယားလိဂ်ပွဲ ၈၅ ပွဲတွင် ၅၅ ဂိုးအထိ သွင်းယူနိုင်ပြီဖြစ်သည်။

Facebook Comments Box
Facebook Comment