အာဆင်နယ်နှင့်ပွဲတွင် မန်စီးတီးတိုက်စစ်မှူးအဂူရို ပါဝင်လာနိုင်မလား?

မန်စီးတီးတိုက်စစ်မှူးဆာဂျီယိုအဂူရိုသည် ဒူးဒဏ်ရာမှ ပြန်လည်ကောင်းမွန်ကာ လေ့ကျင့်ခန်းအပြည့်အဝဆင်းနိုင်ပြီဖြစ်၍ လာမည့်နိုင်ငံတကာပွဲစဉ်များ အပြီးတွင် မန်စီးတီးအတွက် ပြန်ကစားနိုင်ရန် သေချာနေပြီ ဖြစ်သည်။

အာဂျင်တီးနားတိုက်စစ်မှူးသည် ဇွန်လ ၂၂ ရက်နေ့တုန်းက ဘန်လေကို ၅-၀ ဖြင့် အနိုင်ရရှိသည့်ပွဲတွင် ဒူးဒဏ်ရာရရှိပြီးနောက် အနားယူလာခဲ့ရသူ ဖြစ်သည်။

အသက် ၃၂ နှစ်ရှိ တိုက်စစ်မှူးသည် ဒူးဒဏ်ရာကို ဘာစီလိုနာတွင် ခွဲစိတ်ကုသမှု ခံယူပြီးနောက် အမြန်ဆုံး ပြန်လည် ကစားနိုင်ရေးလုပ်ဆောင်လာခဲ့သူလည်း ဖြစ်သည်။

အစောပိုင်းတုန်းက မန်စီးတီးနည်းပြဂွါဒီယိုလာက အဂူရိုမှာ အောက်တိုဘာလ အကုန်အထိ အနားယူရနိုင်ကြောင်း ပြောကြားခဲ့သော်လည်း ယခုအခါ ပထမအသင်းနှင့်အတူ လေ့ကျင့်ခန်းပြန်ဆင်းနိုင်ပြီဖြစ်သည်။

ထို့ကြောင့် အဂူရိုသည် လာမည့် အောက်တိုဘာလ ၁၇ ရက်နေ့တွင် အာဆင်နယ်ကို ဧည့်ခံကစားရမည့်ပွဲတွင် ပြန်လည်ကစားနိုင်ဖွယ် ရှိနေသည်။

ထို့အပြင် ကိုဗစ်ကြောင့် ကွာရန်တင်း ဝင်လာခဲ့ရသည့် ဂျာမနီကွင်းလယ် ကစားသမားဂန်ဒိုဂန်မှာလည်း ပထမအသင်းနှင့်အတူ ပြန်လည် လေ့ကျင့်ခန်း ဆင်းနေပြီ ဖြစ်သည်။ ဂန်ဒိုဂန်သည် ရာသီအစတုန်းက လာပေါ်တီ၊ မရာ့ဇ်တို့နှင့်အတူ ကိုဗစ် ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့သူ ဖြစ်သည်။ လာပေါ်တီနှင့် မရာ့ဇ်တို့မှာ မန်စီးတီးအတွက် ကစားထားနိုင်ပြီး ဖြစ်သည်။ အခြားတစ်ဖက်မှာ ဆေးလ်ဗားနှင့် စတုန်းတို့မှာလည်း ဒဏ်ရာမှပြန်လည်ကောင်းမွန်လာကြပြီဖြစ်၍ မန်စီးတီးအသင်းမှာ ဒဏ်ရာပြဿနာ ကင်းစင်သလောက် ဖြစ်လာပြီ ဖြစ်သည်။

သို့ရာတွင် မန်စီးတီးအတွက် သတင်းဆိုးမှာ တိုက်စစ်သမား စတာလင်းမှာ ဒဏ်ရာကြောင့် အင်္ဂလန်အသင်းမှ နုတ်ထွက်လိုက်ရသည့် သတင်း ဖြစ်သည်။ သို့ရာတွင် စတာလင်း၏ဒဏ်ရာအခြေအနေမှာ မစိုးရိမ်ရဟု ယူဆရပြီး အာဆင်နယ်နှင့်ပွဲတွင် ပါဝင်လာနိုင်ဖွယ် ရှိနေကြောင်း သိရသည်။

Facebook Comments Box
Facebook Comment