အာဆင်နယ်နှင့်ပွဲကို ဟန်ဒါဆန် လွဲချော်မည်ဟု ကလော့ပ် အတည်ပြု

ပရီးမီးယားလိဂ် ချန်ပီယံ လီဗာပူးလ်အသင်းအတွက် ထိုးနှက်ချက်တစ်ရပ်အဖြစ် အသင်းခေါင်းဆောင် ဂျော်ဒန်ဟန်ဒါဆန်သည် ပေါင်ဒဏ်ရာကြောင့် တနလာၤနေ့တွင် အာဆင်နယ်နှင့်ကစားမည့် ပရီးမီးယားလိဂ်ပွဲကို လွဲချော်ရမည်ဟု နည်းပြ ယာဂန်ကလော့ပ်က အတည်ပြုသည်။

အသက် ၃၀ အရွယ် ဟန်ဒါဆန်သည် အဆိုပါဒဏ်ရာကို ချဲလ်ဆီးအား ၂ ဂိုးပြတ် အနိုင်ရခဲ့သည့်ပွဲတွင် ရရှိခဲ့ခြင်းဖြစ်ပြီး ပထမပိုင်းအပြီးမှာပင် သီယာဂိုနှင့် လူစားလဲခဲ့ရသည်။

၎င်းသည် ထိုဒဏ်ရာကြောင့် လင်ကွန်းစီးတီးအား အနိုင်ရခဲ့သည့်ပွဲကို လွဲချော်ခဲ့ပြီး ဒဏ်ရာရထားသော မာတစ်နှင့် ဂျိုးဂိုမက်ဇ်တို့ အသင်းနှင့် ပြန်လည်လေ့ကျင့်နေပြီဟု ကလော့ပ်က ဆိုသည်။

အာဆင်နယ်ကို ဧည့်ခံရမည့်ပွဲအား ဟန်ဒါဆန် လွဲချော်မည်ဖြစ်သော်လည်း ဘိုင်ယန်မြူးနစ်မှ ပြောင်းရွှေ့လာသော စပိန်ကွင်းလယ်လူ သီယာဂိုအနေဖြင့် ပထမဆုံးအကြိမ်အဖြစ် ပွဲထွက်လူစာရင်းမှ ပါဝင်လာမည်ဟု ကလော့ပ်က ပြောသည်။

မိမိတို့လို ရာသီအဖွင့် ၂ ပွဲဆက် အနိုင်ရထားသော အာဆင်နယ်ကို အတောင့်တင်းဆုံး လူစာရင်းဖြင့် ဧည့်ခံသွားမည်ဖြစ်ပြီး အနိုင်ရအောင် အကောင်းဆုံးကြိုးစားမည်ဟုလည်း ၎င်းက ဖွင့်ဟသည်။

လီဗာပူးလ်သည် ပရီးမီးယားလိဂ် အိမ်ကွင်း ပွဲ ၆၀ ဆက်တိုက် ရှုံးပွဲမရှိသေးဘဲ အကောင်းဆုံးပုံစံ ပိုင်ဆိုင်ထားသော်လည်း အာဆင်နယ်နှင့်ပွဲက ခက်ခဲမည်ဟု ကလော့ပ်က အသင်းသားများကို သတိပေးထားသည်။

လီဗာပူးလ်သည် အာဆင်နယ်အသင်းနှင့် ကစားခဲ့သော အိမ်ကွင်းနောက်ဆုံး ၈ ပွဲဆက် ရှုံးပွဲမရှိသေးဘဲ ၆ ပွဲနိုင်၊ ၂ ပွဲသရေကစားကာ ရလဒ်ကောင်း ပိုင်ဆိုင်ထားသည်။

Ref:skysports

Facebook Comments Box
Facebook Comment