အာဆင်နယ်ထံမှ သစ္စာရှိကြေး ပေါင် ၈ သန်း ရရှိခဲ့သည့် အိုဇေးလ်

အာဆင်နယ်သည် မီဆတ်အိုဇေးလ်ကို ရောင်းချနိုင်ခဲ့ခြင်းမရှိမှုနှင့်အတူ သစ္စာရှိကြေးအဖြစ် ပေါင် ၈ သန်း ပေးခဲ့ရကြောင်း သိရသည်။ ဂျာမနီလက်ရွေးစင်ဟောင်းသည် အာတီတာ၏ အာဆင်နယ်တွင် အရန်စာရင်း၌ပင် ပါဝင်ရခြင်း မရှိသော်လည်း ထွက်ခွာခြင်း မပြုဘဲ ဆက်နေကာ အပိုဆုကြေးအဖြစ် သစ္စာရှိကြေး ပေါင် ၈ သန်း ရယူခဲ့ခြင်း ဖြစ်သည်။

နွေရာသီ အပြောင်းအရွှေ့ဈေးကွက်တွင် မေဂျာလိဂ်ကလပ်များနှင့် ဆော်ဒီကလပ် အယ်လ်ဆက်ဒ်တို့၏ ကမ်းလှမ်းခြင်း ခံခဲ့ရသော်လည်း အိုဇေးလ်က ပယ်ချခဲ့သည်။

အိုဇေးလ်သည် အာဆင်နယ်တွင် စာချုပ်နောက်ဆုံးနှစ်အထိ ရှိနေပါက သစ္စာရှိကြေးအဖြစ် ပေါင် ၈ သန်း ရရှိမည်ဖြစ်၍ အသင်းပြောင်းရန် ငြင်းဆိုခဲ့ခြင်းလည်း ဖြစ်သည်။ အာဆင်နယ်သည် အိုဇေးလ်ကို ရောင်းချရေး မအောင်မြင်မှုနှင့်အတူ စက်တင်ဘာလအကုန်တွင် အသက် ၃၁ နှစ်ရှိ ကစားသမားအား သစ္စာရှိကြေးအဖြစ် ပေါင် ၈ သန်း ပေးခဲ့ရသည်။

အိုဇေးလ်သည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလတုန်းက အာဆင်နယ်နှင့် တစ်ပတ်လုပ်ခ ပေါင် ၃၅၀၀၀၀ တန် စာချုပ်သစ် ချုပ်ဆိုစဉ်က စာချုပ်နောက်ဆုံးနှစ်အထိ ရှိနေပါက အပိုဆုကြေး ပေါင် ၈ သန်း ရရှိမည့် အချက်ကို ထည့်သွင်းချုပ်ဆိုခဲ့ခြင်းလည်း ဖြစ်သည်။

ဝါဒါဘရီမင်နှင့် ရီးရဲလ်မက်ဒရစ်ကစားသမားဟောင်းသည် ပြီးခဲ့သည့်‌မတ်လကတည်းက အာဆင်နယ်အတွက် တစ်ပွဲမျှ ကစားရခြင်း မရှိသော်လည်း တစ်နှစ်လျှင် လုပ်ခ ပေါင် ၃၅၀၀၀၀ ရရှိနေသူလည်း ဖြစ်သည်။ အိုဇေးလ်၏ လက်ရှိစာချုပ်မှာ လာမည့် နွေရာသီတွင် ကုန်ဆုံးမည် ဖြစ်ပြီး အာဆင်နယ်က စာချုပ်ဖျက်သိမ်းလိုနေသော်လည်း လက်ကျန် ၁၀ လစာအတွက် ပေါင် ၁၃ သန်း အပြည့်အဝပေးရန် တောင်းဆိုထားသေးသည်။

အာဆင်နယ်သည် ကိုဗစ်ကြောင့် ကလပ်ဝင်ငွေ ကျဆင်းမှုနှင့်အတူ ဝန်ထမ်း ၅၅ ဦးတို့ကို လျှော့ချထားရသည်။ ထို့အပြင် ၎င်းတို့သည် မကြာသေးမီတုန်းက ကလပ်တွင် ၂၇ နှစ်ကြာ လာဘ်ကောင်ရုပ် Gunnersaurus တွင် သရုပ်ဆောင်လာသည့် ဂျယ်ရီကွီကိုလည်း ရာထူးမှ ထုတ်ပယ်ခဲ့ရသည်။ သို့ရာတွင် အိုဇေးလ်က အာဆင်နယ်တွင် သူ ရှိနေသည့် ကာလပတ်လုံး ဂျယ်ရီကွီအတွက် လုပ်ခကို စိုက်ထုတ်ပေးရန် ကမ်းလှမ်းထားသည်။ အာဆင်နယ်သည် ဘဏ္ဍာရေးပြဿနာနှင့် ရင်ဆိုင်နေရသော်လည်း နွေရာသီ အပြောင်းအရွှေ့ဈေးကွက်တွင် အူဘာမီယန်ကို စာချုပ်သစ်ချုပ်ဆိုခဲ့သလို သောမတ်ပါတေး၊ ဂါဘရီရယ်၊ ပါဘလိုမာရီ၊ ဝီလီယံနှင့် စီဒရစ်ဆွာရက်စ်တို့ကိုခေါ်ယူခဲ့သည်။ အာဆင်နယ်သည် လိုင်ယွန်ကွင်းလယ်ကစားသမားအူအာကိုလည်း ခေါ်ယူရန် ကြိုးပမ်းခဲ့သေးသည်။  

Facebook Comments Box
Facebook Comment