အာဆင်နယ်တွင် အားနည်းချက် မရှိကြောင်း အာစင်ဝင်းဂါး ပြောကြား

အာစင်ဝင်းဂါးက အာဆင်နယ်တွင် အားနည်းချက် မရှိကြောင်း ပြောကြားလိုက်သည်။ ထို့အပြင် ဂန္ထဝင်နည်းပြက အသင်းဟောင်း အာဆင်နယ်မှာ ယခုရာသီတွင် ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်သည့် အနေအထားတွင် ရှိနေကြောင်းလည်း ပြောကြားခဲ့သည်။

အာဆင်နယ်သည် နည်းပြမီခေးလ်အာတီတာ၏ဦးဆောင်မှုဖြင့် အမြင့်ပျံလျက်ရှိပြီး ပရီးမီးယားလိဂ်အဖွင့်ပွဲ ၄ ပွဲတွင် ၃ ပွဲ အနိုင်ရရှိထားသည်။

အာဆင်နယ်သည် ကာရာဘောင်းဖလား ကွာတားဖိုင်နယ်သို့လည်း တက်ရောက်ထားကာ မန်စီးတီးနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။

အာဆင်နယ်သည် အာတီတာ၏ ဦးဆောင်မှုဖြင့် အက်ဖ်အေဖလားနှင့် ကွန်မြူနတီဒိုင်းတို့ကိုလည်း ဆွတ်ခူးထားနိုင်ပြီး ဖြစ်သည်။

အာစင်ဝင်းဂါးသည် အာဆင်နယ်ကို ၂၂ နှစ်ကြာ ကိုင်တွယ်ဖူးပြီး ပရီးမီးယားလိဂ် ဖလား သုံးကြိမ် ရယူပေးခဲ့သည်။

အာစင်ဝင်းဂါးက “သူတို့မှာ အသင်းစိတ်ဓာတ်ကောင်း ရှိနေတယ်။ သူတို့မှာ ကောင်းကောင်းလုပ်ပြဖို့ အခွင့်အရေးကောင်း ရှိနေပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းက သူတို့ရခဲ့တဲ့ အမှတ်ထက် ပိုရဖို့ သိပ်မခက်ခဲဘူးလို့ ထင်ပါတယ်။ သူတို့ ထိပ်ဆုံး လေးသင်းစာရင်း ဝင်မယ်လို့ ယုံကြည်ခဲ့တယ်။ ဒီထက် ပိုပြီးတော့ ဘာကြောင့် မလုပ်နိုင်ရမှာလဲ။ မလုပ်နိုင်စရာမရှိပါဘူး။ ဒီနှစ်မှာ သူတို့က ကျွန်တော့်အတွက် အံ့ဩစရာတွေ ယူဆောင်လာနိုင်ပါတယ်။ သူတို့ ဝယ်ယူခဲ့တာတွေ ကောင်းပါတယ်။ ခံစစ်ကိုလည်း တောင့်တင်းအောင် လုပ်ထားတယ်။ ပြီးတော့ အရေးပါတဲ့သူတွေကိုလည်း ထိန်းထားနိုင်ခဲ့တယ်။ ကျွန်တော့် နောက်ဆုံးနှစ်မှာ ဝယ်ယူခဲ့တဲ့ အူဘာမီယန်ကိုလည်း ထိန်းထားနိုင်ခဲ့တယ်။ သူတို့မှာ အစစအရာရာ ပြည့်စုံနေပါပြီ။ အားနည်းချက် စစ်စစ် မရှိပါဘူး” ဟု ပြောကြားခဲ့သည်။

အာဆင်နယ်သည် လာမည့် အောက်တိုဘာလ ၁၇ ရက်နေ့တွင် မန်စီးတီးအား အဝေးကွင်းသို့ သွားရောက် ရင်ဆိုင်ရမည် ဖြစ်သည်။ ယင်းပွဲအပြီး၌ အာဆင်နယ်သည် အောက်တိုဘာလ ၂၂ ရက်နေ့တွင် ယူရိုပါလိဂ်ပွဲစဉ်အဖြစ် ရက်ပစ်ဗီယင်နာအား အဝေးကွင်းသို့ သွားကစားရမည် ဖြစ်သည်။

Facebook Comments Box
Facebook Comment