အာဆင်နယ်တွင် ဆက်ကစားရန် ဆုံးဖြတ်ခဲ့မှုအား အူဘာမီယန် ဖွင့်ဟလာ

ပီရာရီအူဘာမီယန်သည် ကောင်းမွန်သည့် ကမ်းလှမ်းမှုများအား ပယ်ချကာ အာဆင်နယ်နှင့် စာချုပ်သစ်ချုပ်ဆိုရန် ဆုံးဖြတ်ခဲ့မှုအပေါ် ဖွင့်ဟ ပြောကြားလာသည်။

ယခုနွေရာသီအစောပိုင်းတုန်းက အာဆင်နယ်နှင့် တစ်နှစ်စာချုပ်သက်တမ်းသာ ကျန်ရှိတော့သည့် အူဘာမီယန်၏အမ်းမရိတ်အနာဂတ်မှာ မရေမရာ ဖြစ်ခဲ့ပြီး ဘာစီလိုနာ၊ အင်တာမီလန်တို့၏ စိတ်ဝင်စားခြင်း ခံခဲ့ရသည်။

အာဆင်နယ်သည် အူဘာမီယန်အား စာချုပ်သစ်ချုပ်ဆိုရေး အစွမ်းကုန် ကြိုးပမ်းခဲ့သော်လည်း အူဘာမီယန်သည် ဩဂုတ်လ ၁ ရက်နေ့က အက်ဖ်အေဖလားဗိုလ်လုပွဲအပြီးတွင် အနာဂတ်အား ပြောကြားရန် ငြင်းခဲ့သည်။

သို့ရာတွင် အာဆင်နယ်သည် ဩဂုတ်လ ၁၅ ရက်နေ့တွင် အူဘာမီယန်အား အသင်းတွင် ၂၀၂၃ ခုနှစ်အထိ ရှိနေမည့် သုံးနှစ်စာချုပ်သစ်အား ချုပ်ဆိုနိုင်ခဲ့သည်။

ယခုအခါ ဂါဘွန်တိုက်စစ်မှူးက “ဒီမှာ ဆက်နေဖို့ ဆုံးဖြတ်စေခဲ့တဲ့ အချက်နှစ်ချက် ရှိပါတယ်။ ပထမတစ်ခုက အာတီတာပါ။ သူ ရောက်လာပြီးနောက် ကျွန်တော်တို့အတွက် ဖီလိုဆော်ဖီအသစ်နဲ့ အပြုသဘောဆောင်တာတွေ ယူဆောင်လာခဲ့ပါတယ်။ ကျွန်တော့်ကစားဟန်နဲ့ ကိုက်ညီတဲ့အတွက် ဒါက အရမ်းအရေးကြီးတယ်လို့ ယူဆထားပါတယ်။ သူ့ကြောင့် ကျွန်တော် အများကြီး တိုးတက်လာနိုင်ပါတယ်။ ပြီးတော့ ကလပ်တစ်ခုလုံးနဲ့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကလည်း အရမ်းအရေးပါတဲ့ အချက် ဖြစ်ပါတယ်။ အသင်းမှာ ရှိတဲ့ လူတိုင်း ကျွန်တော့်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံကြပါတယ်။ ကိုယ့်အိမ် ကိုယ့်ယာလို ခံစားရပါတယ်။ ဒါကြောင့်လည်း ကျွန်တော် ဆက်ရှိနေတာပါ”ဟု ပြောကြားသွားသည်။

အူဘာမီယန်သည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလတွင် ဒေါ့မွန်မှ ပြောင်းလာပြီးနောက် အာဆင်နယ်အတွက် ၁၁၂ ပွဲကစားကာ ၇၁ ဂိုးအထိ သွင်းယူပေးထားသည်။

ဆက်လက်ပြီး အူဘာမီယန်က “အမှန်အတိုင်း ပြောပါမယ်။ ကျွန်တော့်မှာ ကောင်းမွန်တဲ့ အခွင့်အလမ်းကောင်းတစ်ချို့လည်း ရရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီမှာ ပရိသတ်နဲ့ ကလပ်တစ်ခုလုံးရဲ့ ချစ်ခင်မှု ရရှိထားတယ်။ ထွက်ခွာသွားရင် ဒီမှာ ရရှိတဲ့ ချစ်ခင်မှုမျိုး ရဖို့ မလွယ်ဘူး။ ဒါကြောင့်ဘဲ ကျွန်တော့် ဆက်နေခဲ့တာပါ။ အသင်းခေါင်းဆောင်လုပ်ခွင့်ရလို့ အရမ်း ဂုဏ်ယူပါတယ်။ ဒါပေမယ့် ဒါက ဒီမှာ ဆက်နေရတဲ့ အဓိကအကြောင်းအရင်း မဟုတ်ပါဘူး”ဟု ပြောကြားခဲ့သည်။

Facebook Comments Box
Facebook Comment