အာဆင်နယ်တိုက်စစ်ပြဿနာမှာ အော်ဘာမီယန်၏ အမှားကြောင့် မဟုတ်ကြောင်း အာတီတာ ပြောကြား

မီခေးလ်အာတီတာက အာဆင်နယ်၏ တိုက်စစ်ကစားဟန်နှင့်ပတ်သက်၍ စိုးရိမ်နေရကြောင်း ဝန်ခံသွားခဲ့သည်။ သို့ရာတွင် စပိန်လူမျိုးနည်းပြက အာဆင်နယ်အသင်း တိုက်စစ်ပြဿနာကြုံနေရခြင်းမှာ အသင်းခေါင်းဆောင်အော်ဘာမီယန် ဂိုးမိုးခေါင်နေခြင်းကြောင့် မဟုတ်ကြောင်း ပြောကြားလိုက်သည်။

အာဆင်နယ်သည် ပရီးမီးယားလိဂ်တွင် လက်စတာစီးတီးနှင့် မန်စီးတီးတို့အား ဆက်တိုက် ရှုံးနိမ့်ထားပြီး ၎င်းတို့သည် ယခုရာသီ ပြိုင်ပွဲအရပ်ရပ်၌ ၈ ပွဲ ကစားထားရာတွင် ၂ ဂိုးအထက် သွင်းထားနိုင်ခြင်း မရှိချေ။

အာဆင်နယ်သည် ပရီးမီးယားလိဂ်တွင် တစ်ပွဲပျမ်းမျှ ၈.၈ ကြိမ်သာ ရရှိထားပြီး ၁၉၉၇-၉၈ ရာသီနောက်ပိုင်းတွင် အဆိုးရွားဆုံး ဂိုးကန်သွင်းနိုင်မှုနှင့် ကြုံနေရသည်။ ထို့အပြင် ၎င်းတို့သည် တစ်ပွဲပျမ်းမျှ ၁.၃ ဂိုးသာ ရရှိကာ ၂၅ နှစ် အတွင်း အဆိုးရွားဆုံး ဂိုးသွင်းနှုန်းမှတ်တမ်း ရရှိထားသည်။

အာဆင်နယ်အသင်းခေါင်းဆောင်အော်ဘာမီယန်သည် ၂၀၂၀-၂၁ ရာသီတွင် ပရီးမီးယားလိဂ် ၆ ပွဲကစားထားရာ၌ တစ်ဂိုးတည်းသာ သွင်းထားနိုင်ကာ တစ်ပွဲပျမ်းမျှ ၁.၀၇ ဂိုးနှုန်းသာ သွင်းထားနိုင်ကာ အာဆင်နယ်ကစားသမားဘဝ အဆိုးရွားဆုံး ဂိုးသွင်းနှုန်း ရရှိထားသည်။

သို့ရာတွင် အာဆင်နယ်နည်းပြအာတီက “ကျွန်တော်တို့ရဲ့တိုက်စစ်ပိုင်းကို ပိုကောင်းအောင် လု်ပရပါဦးမယ်။ တိုက်စစ်ကို အချိန်အကြာကြီး ကစားနိုင်အောင် လုပ်ဆောင်ရပါမယ်။ ဒီအတွက် ကျွန်တော်တို့ လေ့ကျင့်မှု ပြုလုပ်ထားပြီးလည်း ဖြစ်ပါတယ်။ ပိုကောင်းလာမယ်ဖို့‌ မျှော်လင့်နေပါတယ်။ ဘောလုံးပွဲမှာ ဖိအားက ပွဲတိုင်း အနိုင်ရရှိဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ လက်စတာ၊ မန်စီးတီးတို့ကို အနိုင် မရခဲ့ပါဘူး။ ဒီတော့ လူတိုင်းက ကျွန်တော်တို့ကို ဖိအားပေးလာကြပါတော့ တယ်” ဟု ပြောကြားခဲ့သည်။

အာဆင်နယ်သည် ယနေ့ညတွင် ဒန်ဒဲလ်နှင့် ယူရိုပါလိဂ်ပွဲ ကစားသွားရမည် ဖြစ်သည်။ ယင်းပွဲကို နောက်ခံလူ ဒေးဗစ်လုဇ်မှာ သေချာပေါက် လွဲချော်မည် ဖြစ်သည်။ ၎င်းသည် လာမည့် တနင်္ဂနွေနေ့တွင် ယူနိုက်တက်နှင့် ကစားရမည့်ပွဲကိုလည်း လွဲနိုင်ကြောင်း အာတီတာက ပြောကြားသွားသည်။

Facebook Comments Box
Facebook Comment