အာဆင်နယ်ကို ကလဲ့စားချေရန် ကြိုးပမ်းမည်ဟု ကလော့ပ်ကြုံးဝါး

အာဆင်နယ်သည် ပြီးခဲ့သည့် ၁၂ လအတွင်းတွင် လီဗာပူးကို အသာစီးရယူနိုင်ခဲ့သည့် အသင်းအနည်းငယ်ထဲမှ တစ်သင်း ဖြစ်သည်။ ယခုအခါ ဂျာဂင်ကလော့ပ်သည် မနက်ဖြန်ည အန်ဖီးလ်ပွဲစဉ်တွင် ယင်းကို အဆုံးသတ်သွားရန် ဆုံးဖြတ်ထားပြီဖြစ်သည်။

အာဆင်နယ်သည် ဇူလိုင်လတုန်းက ပူပူနွေးနွေးပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးကို ၂-၁ ဂိုးဖြင့် အနိုင်ရယူခဲ့ဖူးပြီး ယင်းပွဲမှာ လီဗာပူးအတွက် ၂၀၁၉-၂၀ တစ်ရာသီလုံးတွင် တတိယမြောက် အရှုံးလည်း ဖြစ်သည်။ ထို့အပြင် အာဆင်နယ်သည် ဩဂုတ်လတုန်းက ကွန်မြူနတီဒိုင်းပွဲတွင် လီဗာပူးနှင့် ပွဲချိန်အတွင်း တစ်ဂိုးစီသရေကျပြီး ပင်နယ်တီအဆုံးအဖြတ်တွင် အနိုင်ရယူနိုင်ခဲ့သည်။

အာဆင်နယ်သည် အန်ဖီးလ်တွင် ဆိုးရွားသည့် မှတ်တမ်း ရရှိထားကာ နောက်ဆုံးအကြိမ် အနိုင်ရရှိခဲ့သည်မှာ ၂၀၁၂ ခုနှစ်တုန်းက ဖြစ်ပြီး နောက်ဆုံး ၈ ကြိမ်တွင် ၆ ကြိမ် ရှုံးနိမ့်ထားသည်။

ယခုအခါ ကလော့ပ်သည် နောက်ပိုင်း ထိပ်ထိုက်တွေ့ဆုံမှု ရလဒ် အခြေအနေကို ပြောင်းလဲပစ်ရေးအတွက် အာဆင်နယ်ကို ကလဲ့စားချေကြရန် ကစားသမားများကို နိူးဆော်သွားခဲ့သည်။

ကလော့ပ်က “ကျွန်တော်တို့ ကလဲ့စားပြန်ချေချင်နေပါတယ်။ ဒီလိုဘဲ ပြောပါရစေ။ ဒါက ကျွန်တော်တို့ အခုရောက်နေတဲ့ အခြေအနေပါ။ ရလဒ်က ယုံကြည်မှု ပေးပါတယ်။ ရလဒ်ကို ကြည့်ပြီး ပွဲကို ဆန်းစစ်လို့ ရပါတယ်။ အာဆင်နယ်က ကျွန်တော်တို့ကို တစစီဖြစ်အောင် လုပ်ခဲ့တာတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ရော သူတို့ပါ တစ်ပွဲနဲ့ တစ်ပွဲ မတူဘူးဆိုတာ သိကြပါတယ်”ဟု ပြောကြားသွားခဲ့သည်။

လက်ရှိ ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးသည် ပရီးမီးယားလိဂ်တွင် နှစ်ပွဲဆက် နိုင်ပွဲ ရရှိထားသလို ကြားရက်တုန်းက လင်ကွန်းနှင့် ကာရာဘောင်းဖလားပွဲတွင်လည်း ၇-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။  

Facebook Comments Box
Facebook Comment