အသင်းဟောင်း မန်ယူနိုက်တက်သို့ ရော်နယ်ဒို ပြန်ရောက်နိုင်

နာမည်ကျော် ESPN သတင်းဌာနမှ ဂျာနယ်လစ်တစ်ဦးက ပေါ်တူဂီတိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုသည် ၎င်း၏အသင်း ဟောင်း မန်ချက်စတာယူနိုက်တက်သို့ ပြန်လည်ပြောင်းရွှေ့ဖွယ်ရှိကြောင်း ပြောကြားလိုက်သည်။

အသက် ၃၅ နှစ်အရွယ် ရော်နယ်ဒိုသည် ၂၀၀၉ ခုနှစ်နောက်ပိုင်း အင်္ဂလန်သို့ ပြန်လည်ခြေချခြင်း မရှိသေးဘဲ လာလီဂါနှင့် စီးရီးအေတွင်သာ ကျင်လည်လျက်ရှိသည်။

ဂျူဗင်တပ်စ် တိုက်စစ်မှူး ရော်နယ်ဒိုသည် ယခုရာသီ စီးရီးအေ ၄ ပွဲကစား ကာ ၆ ဂိုးသွင်းထားပြီး ၂၀၂၂ ခုနှစ်၊ ဇွန်လအထိ စာချုပ်ထားသည်။

ဂျူဗင်တပ်စ်သည် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု ၅ ခုရှင် ရော်နယ်ဒို၏ မြင့်မားသော လုပ်ခလစာကို ဆက်လက်ပေးချေလိုခြင်း မရှိသလို ၂၁၀၈ ခုနှစ်က ရီးရဲလ်မက်ဒရစ်မှ ဝယ်ယူစဉ် ပေးခဲ့ရသော ယူရို ၁၁၂ သန်း ကို ပြန်ရနိုင်ရန်အတွက် ယခုဘောလုံးရာသီ အကုန်တွင် ပြန်ရောင်းချဖွယ် ရှိနေသည်ဟု သတင်းထွက်နေသည်။

ရော်နယ်ဒိုသည် အသက် ၁၈ နှစ်အရွယ် ၂၀၀၃ ခုနှစ်တွင် ဖာဂူဆန်၏ ခေါ်ယူမှုဖြင့် ယူနိုက်တက်သို့ ရောက်ရှိလာပြီးနောက် ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးအဖြစ် သတ်မှတ်ခံခဲ့ရပြီး ၂၀၀၉ ခုနှစ်၌ ရီးရဲလ်မက်ဒရစ်သို့ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် သန်း ၈၀ ဖြင့် ပြောင်းရွှေ့ခဲ့သည်။

၎င်းသည် ယူနိုက်တက်တွင် ကစားသည့် ၆ ရာသီအတွင်း ပြိုင်ပွဲစုံ ၂၉၂ ပွဲ၌ ၁၁၈ ဂိုးသွင်းကာ ပရီးမီးယားလိဂ် ၃ ကြိမ်၊ လိဂ်ဖလား ၂ ကြိမ်၊ ချန်ပီယံလိဂ်၊ အက်ဖ်အေ၊ ကလပ်ကမ္ဘာ့ဖလား ၁ ကြိမ်စီ ရယူနိုင်ခဲ့သည်။

ESPN သတင်းဌာနမှ ဂျာနယ်လစ် ခရစ်ရှန်မာတင်က “မန်ချက်စတာနဲ့ ပေါ်တိုမှာရှိတဲ့ ကျွန်တော်တို့ရဲ့သတင်းရင်းမြစ်တွေရဲ့အဆိုအရ မန်ချက်စတာ ယူနိုက်တက်ဟာ လာမယ့်ရာသီမှာ စီရော်နယ်ဒို ပြန်လာနိုင်ဖို့ စည်းရုံးနေတယ်လို့ သိရပါတယ်။ ပေါ်တူဂီသားကလည်း ဒါကို သေချာ သုံးသပ်နေပါတယ်။ တကယ်လို့ သူကသာ ပြောင်းရွှေ့ဖို့ တောင်းဆိုမယ်ဆိုရင် ဂျူဗင်တပ်စ်က ညှိနှိုင်းဖို့ရှိနေပါတယ်” ဟု ပြောသည်။

Ref:ESPN

Facebook Comments Box
Facebook Comment