အသက် ၄၀ နှစ်အထိ ရော်နယ်ဒို ကစားနိုင်လိမ့်မည်ဟု ရိုင်ယန်ဂစ် ယုံကြည်

ရိုင်ယန်ဂစ်က မန်ယူကစားဖော်ဟောင်း ခရစ္စတီယာနိုရော်နယ်ဒိုမှာ အသက် ၄၀ နှစ် ရောက်သည်အထိ ထိပ်တန်းအဆင့်တွင် ကစားနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြားလိုက်သည်။

ခရစ္စတီယာနိုရော်နယ်ဒိုသည် အသက် ၃၆ နှစ်သို့ ရောက်နေပြီဖြစ်သော်လည်း ကျရိပ် မပြသေးဘဲ အင်္ဂါနေ့တုန်း ဆွီဒင်ကို ၂-၀ ဖြင့် အနိုင်ရရှိသည့်ပွဲတွင် ပေါ်တူဂီအတွက် အနိုင်ဂိုး ၂ ဂိုးစလုံးကို သွင်းယူနိုင်ပြီးနောက် ဘောလုံးသမိုင်း တွင် နိုင်ငံအသင်းအတွက် ဂိုး ရာပြည့်သွင်းနိုင်သည့် ဒုတိယမြောက် ကစားသမား ဖြစ်လာခဲ့သည်။

လက်ရှိအချိန်တွင် နိုင်ငံအသင်းအတွက် ဂိုးအများဆုံး သွင်းယူသူအဖြစ် အီရန်ဂန္ထဝင် တိုက်စစ်မှူးအလီဒါယီက ၁၀၈ ဂိုးဖြင့် ရပ်တည်နေရာ ခရစ္စတီယာနိုရော်နယ်ဒိုမှာ မကြာမီကာလအတွင်းတွင် သမိုင်းတစ်လျှောက် နိုင်ငံတကာသွင်းဂိုးအများဆုံး စံချိန်သစ်အား ရေးထိုးလာဖွယ်ရှိနေသည်။

ဂျူဗင်တပ်တိုက်စစ်မှူးသည် ပြီးခဲ့သည့် ရာသီတုန်းကလည်း စီးရီးအေတွင် ၃၁ ဂိုးအထိ သွင်းယူနိုင်ခဲ့သူလည်း ဖြစ်သည်။

ဂစ်သည် အိုးထရက်ဖို့ဒ်တွင် အသက် ၄၀ နှစ်အထိ ကစားခဲ့သူဖြစ်ပြီး မန်ယူကစားဖော်ဟောင်းမှာလည်း မိမိအသက်အရွယ်မျိုးအထိ ဘောလုံး ကစားနိုင်လိမ့်မည်ဟု ပြောကြားသွားသည်။

ဂစ်က “သင့်တော်မှန်ကန်တဲ့ ကလပ်မှာ ရှိနေဖို့တော့ လိုတယ်။ ကျွန်တော်က ထိပ်တန်းကလပ်တစ်ခုမှာ ရှိနေခဲ့တယ်။ ပြီးတော့ အသက် ၄၀ နှစ်အထိ ကစားခဲ့တယ်။ သူလည်း အသက် ၄၀ နှစ်အထိ ကစားသွားမယ်လို့ ထင်တယ်။ သူက ကိုယ့်ကိုယ်ကို အရမ်း ဂရုစိုက်တယ်။ သင့်တော်မျှတစွာ စားတယ်။ မှန်မှန်ကန်ကန် အနားယူတယ်။ ပြီးတော့ ဘောလုံးပွဲအတွက် သင့်တော်မှန်ကန်စွာ နေထိုင်တယ်။ သူက ကျွန်တော် တွဲကစားဖူးသမျှထဲမှာ ပရော်ဖက်ရှင်နယ်အပီသဆုံး ကစားသမားပါ။  သူ့ကစားသမားဘဝအစမှာတုန်းက ကျွန်တော် မြင်ခဲ့ရတယ်။ သူ့ကိုလည်း ဒီလောက်အထိ ဂိုးတွေ အများကြီး သွင်းယူနိုင်မယ်လို့လည်း ဘယ်သူမှ မထင်ခဲ့ကြဘူး။ သူ့မှာပါရမီရှိတယ်။ သူက ခင်ဗျားတို့ကို စိတ်လှုပ်ရှားစေတဲ့အရမ်းကောင်းတဲ့ကစားသမားပါ။ သူက ပွဲတွေမှာ အမြဲတမ်း သင်ယူ လေ့လာတယ်။ အားကစားပုံမှန် လုပ်တယ်။ သူ ဘယ်လောက်အထိ ကောင်းအောင် လုပ်နိုင်သလဲ ခေါင်းထဲ အမြဲ ထည့်ထားတယ်။ သူဟာ မန်ယူမှာ တစ်ရာသီတည်း ဂိုး ၄၀ သွင်းနိုင်ခဲ့တယ်။ အဲဒီနောက်ပိုင်းမှာ သူ လုပ်ဆောင်နိုင်ခဲ့တာတွေက တကယ့်ကို ဩချရလောက်ပါတယ်”ဟု ပြောကြားသွားခဲ့သည်။

လက်ရှိအချိန်တွင် ဝေးလ်အသင်းကို ကိုင်တွယ်နေသည့် ဂစ်သည် ၂၀၁၄ ခုနှစ်တုန်းက အသက် ၄၀ နှစ်အရွယ်တွင် မန်ယူ၌ ကစားသမားဘဝမှ အနားယူခဲ့သည်။

ပေါ်တူဂီအသင်းခေါင်းဆောင် ခရစ္စတီယာနိုရော်နယ်ဒိုသည် ဂျူဗင်တပ်နှင့် ၂၀၂၂ ခုနှစ်အထိ စာချုပ်ချု်ပဆိုထားသူဖြစ်ပြီး သူကိုယ်တိုင်ကလည်း အသက် ၄၀ နှစ်အထိ ဘောလုံးကစားသွားရန် စီစဉ်ထားကြောင်း ပြောကြားထားသည်။  

Facebook Comments Box
Facebook Comment