အသက် ၄၀ နှစ်ကျော်အထိ ရော်နယ်ဒို ဘောလုံးကစားကာ သမိုင်းတစ်လျှောက် ဂိုးအများဆုံး သွင်းယူသူစံချိန်ကို ရိုက်ချိုးလိမ့်မည်ဟု မန်ယူနည်းပြဟောင်းယုံကြည်

ခရစ္စတီယာနိုရော်နယ်ဒိုမှာ အကောင်းဆုံးအားကစားသမားတစ်ဦးဖြစ်ပြီး အသက် ၄၀ နှစ် ကျော်သည်အထိ ဘောလုံးကစားနိုင်ကာ ဂျိုးဆက်ဖ်ဘီကန်၏ဂိုးသွင်းစံချိန်ကို ရိုက်ချိုးနိုင်လိ့မ်မည်ဟု မန်ယူကြံ့ခိုင်ရေးနည်းပြဟောင်းမစ်ခ်ကလက်ဂျ်က ပြောကြားလိုက်သည်။

Ballon d’Or ဆုကို ငါးကြိမ် ဆွတ်ခူးထားနိုင်သည့် ခရစ္စတီယာနိုရော်နယ်ဒိုသည် အသက် ၃၅ နှစ် အရွယ်သို့ ရောက်နေပြီဖြစ်သော်လည်း အကောင်းဆုံးကစားနိုင်ဆဲ ဖြစ်သည်။ သူသည် ကစားသမားတစ်ဦးအတွက် နေဝင်ချိန်သို့ ရောက်ပြီဖြစ်သော်လည်း ကြံ့ခိုင်မှုအခြေအနေမှာ အကောင်းဆုံးဖြစ်နေဆဲဖြစ်သည့်အပြင် ခြေစွမ်းမှာလည်း ထက်နေဆဲ ဖြစ်သည်။

ဆာအဲလက်စ်ဖာဂူဆန်၏ နည်းပြအဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့သည့် ကလက်ချ်က “ရော်နယ်ဒိုမတိုင်ခင် ရိုင်ယန်ဂစ်က အကောင်းဆုံးအားကစားသမားပါ။ သူက အသန်မာဆုံး ဖြစ်ခဲ့တယ်။ အချက်အလက်တစ်ခုချင်းစီတိုင်းကအစ ကောင်းမွန်ခဲ့ပါတယ်။ ဂစ်တောင် မန်ချက်စတာယူနိုက်တက်မှာ အသက် ၄၀ နှစ်အထိ ဘောလုံးကစားနိုင်တယ်ဆိုရင် ခရစ္စတီယာနိုရော်နယ်ဒိုက အသက် ၄၁ နှစ်အထိ ကစားနိုင်ပါလိမ့်မယ်။ ခရစ္စတီယာနိုက ဂစ်ထက် ပိုကောင်းတဲ့ ခြေစွမ်းမျိုးနဲ့ ကစားနိုင်တဲ့ တစ်ဦးတည်းသော ကစားသမားလည်း ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။

ထို့အပြင် ကလက်ချ်က ခရစ္စတီယာနိုရော်နယ်ဒိုမှာ ဘီကန်၏သမိုင်းတစ်လျှောက်သွင်းဂိုးအများဆုံး စံချိန် (၈၀၅ဂိုး)ကိုလည်း ရိုက်ချိုးလိမ့်မည်ဟု ပြောကြားလိုက်သည်။

ခရစ္စတီယာနိုရော်နယ်ဒိုသည် လက်ရွေးစင်အတွက် ဂိုးအများဆုံးသွင်းထားသူ စံချိန် (အလီဒါယီ ၁၀၉ဂိုး)စံချိန်ကို ရိုက်ချိုးရန် ကျန်ရှိနေပါသေးသည်။ ဒါ့အပြင် သူသည် သမိုင်းတစ်လျှောက်ဂိုးအများဆုံးသွင်းယူသူစံချိန်သစ်ကိုရေးထိုးရန် ပီလီ (၇၅၇)၊ ရိုမာရီယို (၇၇၂) နှင့် ဘီကန် (၈၀၅)တို့ကို ကျော်ဖြတ်ရဦးမည် ဖြစ်သည်။

ကလက်ချ်က “သူက ဘီကန်ထက် ပိုပြီးတော့ ဂိုးသွင်းနိုင်လိမ့်မယ်။ ရော်နယ်ဒိုက ကစားပုံ အမြဲ ပြောင်းတယ်။ ဂစ်လိုဘဲ တာဝန်ကလည်း ပြောင်းလဲတယ်။ သူက လေ့ကျင့်ခန်းလည်း အများကြီး လုပ်တယ်။ ပြန်လည်အားပြည့်လာဖို့လည်း အရမ်းဂရုစိုက်သလို အိပ်ချိန်လည်းမှန်တယ်။ ဖိအားတွေကို ဘယ်လို ကျော်ဖြတ်ရမလဲသိတယ်”ဟု ပြောကြားသွားသည်။

Facebook Comments Box
Facebook Comment