အသက်အန္တရာယ် ခြိမ်းခြောက်ခံရပြီးနောက် ပစ်ဖို့ဒ် သက်တော်စောင့်များ ဌားရမ်းထားရ

မာဆေးဆိုက် ဒါဘီပွဲတွင် လီဗာပူးလ်နောက်ခံလူ ဗာဂေးလ်ဗန်ဒိုက်ကို ကြမ်းတမ်းစွာ ဖျက်ထုတ်ခဲ့သော အဲဗာတန် ဂိုးသမား ဂျော်ဒန်ပစ်ဖို့ဒ်သည် အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရပြီး ၎င်းနှင့် မိသားစုဝင်များ၏ လုံခြုံရေးအတွက် သက်တော်စောင့်များ ဌားရမ်းထားကြောင်း ဗြိတိန် မီဒီယာများက ဖော်ပြသည်။

အသက် ၂၆ နှစ်အရွယ် အင်္ဂလန်လက်ရွေးစင် ပစ်ဖို့ဒ်သည် အောက်တိုဘာ ၁၇ ရက်က ၂ ဂိုးစီ သရေကျသော မာဆေးဆိုက်ဒါဘီတွင် ဂိုးသွင်းရန် ကြိုးစားသော ဗန်ဒိုက်ကို ခြေစုံပစ်ဝင်ကာ ကြမ်းကြမ်းတမ်းတမ်း ဖျက်ထုတ်ခဲ့သည်။

အဆိုပါဖြစ်စဉ်ကို ကွင်းလယ်ဒိုင်လူကြီးက မည်သည့်ပြစ်ဒဏ်မှ မပေးဘဲ ဗန်ဒိုက်မှာ ခြေထောက်ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ပြီး ပွဲအစ ၁၁ မိနစ်မှာပင် လူစားလဲခဲ့ရသည်။

ပွဲအပြီး ၎င်း၏ဒဏ်ရာကို စစ်ဆေးရာ ပြင်းထန်ကြောင်း တွေ့ရှိခဲ့ပြီး ရာသီကုန်အထိ အနားယူရဖွယ်ရှိနေရာ အစွန်းရောက် ပရိသတ်အချို့က ပစ်ဖို့ဒ်ကို သတ်ပစ်မည်ဟု လူမှုကွန်ရက်မှတစ်ဆင့် ခြိမ်းခြောက်လျက်ရှိသည်။

ထို့ကြောင့် ပစ်ဖို့ဒ်သည် သက်တော်စောင့်များ ဌားရမ်းကာ သွားလာနေရပြီး မိသားစုဝင်များ၏ လုံခြုံမှုအတွက်လည်း နေအိမ်အနီး သက်တော်စောင့်များ ချထားနေရသည်။

မာဆေးဆိုက်ဒါဘီတွင် ၎င်းလိုပင် လီဗာပူးလ် ကွင်းလယ်လူ သီယာဂိုအပေါ် ကြမ်းတမ်းစွာ ဖျက်ထုတ်ခဲ့သော အဲဗာတန် တိုက်စစ်မှူး ရီချာလီဆန်ကိုလည်း လူအချို့က အွန်လိုင်းမှတစ်ဆင့် ခြိမ်းခြောက်လျက်ရှိသည်။

ပစ်ဖို့ဒ်နှင့် နီးစပ်သူတစ်ဦးက “ဂျော်ဒန်ဟာ ပွဲပြီးကတည်းက ရေချိန်မြင့်လာတဲ့ ဆဲရေးတိုင်းထွာမှုတွေကို အံ့အားသင့်နေပါတယ်။ ဒါကြောင့် မိသားစု လုံခြုံမှုအတွက် အကောင်းဆုံးလုပ်ဆောင်ဖို့ သူ ဆုံးဖြတ်ခဲ့တာပါ” ဟု ပြောသည်။

Ref:SkySports

Facebook Comments Box
Facebook Comment