အလွန်မိုက်မဲသည့် အမှား ပြုလုပ်ခဲ့ကြောင်း ပေါလ်ပေါ့ဘာ ဝန်ခံ

ပေါလ်ပေါ့ဘာက အာဆင်နယ်အား ၁-၀ ဂိုးဖြင့် ရှုံးနိမ့်သည့်ပွဲတွင် အာဆင်နယ်ဘက်သို့ ပင်နယ်တီပေးရအောင် မမှားသင့်သည့် အမှားပြုလုပ်ခဲ့ကြောင်း ဝန်ခံပြောကြားလာသည်။ ပြင်သစ်ကွင်းလယ်ကစားသမာသည် ယူနိုက်တက်ပင်နယ်တီဧရိယာအတွင်းတွင် အာဆင်နယ် နောက်တန်းအစွန်လူ ဘယ်လီရန်ကို နောက်မှ ခြေကျင်းဝတ်ကန်ခဲ့ပြီး ဒိုင်လူကြီးက ချက်ချင်းပင် ပင်နယ်တီပေးခဲ့သည်။

ယင်းပင်နယ်တီကို အာဆင်နယ်အသင်းခေါင်းဆောင်အော်ဘာမီယန်က အာဆင်နယ်အတွက် အနိုင်ဂိုးကို သွင်းယူပေးခဲ့သည်။ အာဆင်နယ်ရှုံးပွဲကြောင့် မန်ချက်စတာယူနိုက်တက်မှာ ယခုရာသီတွင် တတိယမြောက်ရှုံးပွဲ ကြုံတွေ့ခဲ့ရသည်။ ထို့အပြင် ဆိုးလ်ရှား၏ မန်ချက်စတာ ယူနိုက်တက်သည် ပရီးမီးယားလိဂ် ပွဲစဉ် ၆ အပြီးတွင် ရမှတ် ၇ မှတ်သာ ရရှိထားကာ အဆင့် ၁၅ နေရာတွင် ရပ်တည်နေရကာ ၂၀၁၃-၁၄ ရာသီနောက်ပိုင်း အဆိုးရွား ရာသီအစ ရလဒ်ဆိုးမှု နှင့် ကြုံတွေ့နေရသည်။

ပေါလ်ပေါ့ဘာက “ကျွန်တော်တို့ ခြေစွမ်းဆိုးခဲ့တယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဒီလို ဖျက်ထုတ်မှုမျိုး မလုပ်သင့်ဘူး။ ကျွန်တော် ဘောလုံးကို ထိနိုင်မယ်လို့ ထင်ခဲ့တယ်။ ဒါပေမယ့် မထိခဲ့ဘူး။ ကျွန်တော့်ကြောင့် ပင်နယ်တီကနေ ဂိုးပေးရပါတယ်။ သူ့ကို နည်းနည်းထိခဲ့တယ်ဆိုတာ သိပါတယ်။ ဧရိယာမှာ ဆိုတာကိုလည်း သိပါတယ်။ ဒီလိုပင်နယ်တီမျိုး မပေးရသင့်ပါဘူး။ ကျွန်တော် အရမ်းပင်ပန်းနေလို့ ဒီလိုမိုက်မဲတဲ့ အမှားလုပ်ခဲ့တာ ဖြစ်မှာပါ။ ဒီအမှားကနေ သင်ယူသွားပါမယ်”ဟု ပြောကြားသွားသည်။

ယူနိုက်တက်နည်းပြဆိုးလ်ရှားကလည်း ပြင်သစ်လက်ရွေးစင်၏ အမှားအပေါ် စိတ်ပျက်ရကြောင်း ပြောကြားသွားသည်။

မန်ချက်စတာယူနိုက်တက်သည် ဗုဒ္ဓဟူးနေ့တွင် တူရကီသို့ သွားရောက်ကာ အစ္စတန်ဘူလ်ဘာ ဆာဆီဟာနှင့် ချန်ပီယံလိဂ်ပွဲကစားရမည် ဖြစ်သည်။ ၎င်းတို့သည် နိုဝင်ဘာလ ၇ ရက်နေ့တွင် ဂုဒ်ဒီဆင်ပါ့ခ်သို့ သွားရောက်ကာ ပရီးမီးယားလိဂ်ပွဲ ကစားသွားရမည် ဖြစ်သည်။

Facebook Comments Box
Facebook Comment