အလွန်တောင့်တင်းသည့် ချဲလ်ဆီးမှာ ချန်ပီယံလိဂ်ဖလား ရရှိနိုင်ကြောင်း လိုပီတီဂူပြောကြား

ဆီဗီလာနည်းပြဂျူလန်လိုပီတီဂူက ချဲလ်ဆီးအသင်းမှာ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ကြောင်း ပြောကြားလိုက်သည်။ ချဲလ်ဆီးသည် ၂၀၁၉-၂၀ ချန်ပီယံလိဂ်ရာသီတွင် ၁၆ သင်း ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့သော်လည်း ဘိုင်ယန်မြူးနစ်ကို နှစ်ကျော့ပေါင်း ရလဒ် ၇-၁ ဖြင့် ရှုံးနိမ့်ကာ ထွက်ခဲ့ရသည်။

ဖရန့်လမ်းပတ်၏ချဲလ်ဆီးသည် ပရီးမီးယားလိဂ်ပွဲစဉ် ၅ အပြီးမှာ ၈ မှတ်ရရှိထားသည်။ ၎င်းတို့သည် ပရီးမီးယားလိဂ်နောက်ဆုံးပွဲ ဆောက်သမ်တန်နှင့်ပွဲတွင် ၂ ဂိုးအသာဖြင့် ဦးဆောင်နေရာမှ ၃ ဂိုးစီသရေဖြင့် ကျေနပ်ခဲ့ရသည်။ ချဲလ်ဆီးနည်းပြဖရန့်လမ်းပတ်က ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရာသီကြိုစခန်းသွင်းလေ့ကျင့်ခန်းဆင်းမှုကာလတိုသာ ပြုလုပ်နိုင်ခဲ့၍ ခံစစ်ပိုင်း ရုန်းကန်နေရကြောင်း ဝန်ခံထားသည်။

သို့ရာတွင် ယနေ့ညတွင် ချဲလ်ဆီးနှင့် ချန်ပီယံလိဂ်တွင် ရင်ဆိုင်ရမည့် ဆီဗီလာ နည်းပြလူပီတီဂူကမူ “သူ ပြောတာနဲ့ပတ်သက်ပြီး ကျွန်တော် မှတ်ချက် မပြုလိုပါဘူး။ ဒါပေမယ့် ဘယ်အသင်းမှ ကျွန်တော်တို့လောက် ရာသီကြိုလေ့ကျင့်ခန်းဆင်းချိန်မနည်းပါဘူး။ တကယ်တော့ အသင်းတိုင်းဟာ ရာသီကြိုလေ့ကျင့်ခန်းဆင်းရမှုအချိန်နည်းနည်းပဲရတာပါ။ တစ်ချို့အသင်းဆိုရင် ၁၂ ရက်ဘဲ ရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အနေနဲ့ အခြေအနေသစ်နဲ့ အံဝင်အောင် အမြန်ဆုံးလုပ်ကြရပါတယ်”ဟု ပြောကြားသွားသည်။

ဆက်လက်၍ လိုပီတူဂီက “ကျွန်တော်တို့ဟာ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်တဲ့ အသင်းတွေထဲက တစ်သင်းဖြစ်တဲ့ ချဲလ်ဆီးနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ခြေစွမ်းပြနိုင်ဖို့ လိုပါတယ်။ ဒါက ကျွန်တော်တို့လုပ်နိုင်တဲ့ တစ်ခုတည်းသောအရာပါ။ ဒီပွဲကလည်း ခက်ခဲတဲ့ပွဲတစ်ပွဲ ဖြစ်လာမှာပါ။ ပွဲတိုင်းက ခက်ခဲပါတယ်။ အထူးသဖြင့် ချန်ပီယံလိဂ်မှာ ခက်ခဲပါတယ်။ ချဲလ်ဆီးလိုအသင်းမျိုးနဲ့ ကစားရတဲ့အခါ ခက်ခဲနေမှာသေချာနေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ကတော့ အခြားပွဲတွေလိုဘဲ ဘယ်ကွင်းမှာမဆို အနိုင်ယူဖို့ တစ်ခုတည်းဘဲ စဉ်းစားထားပါတယ်။ သူတို့က စိတ်လှုပ်ရှားဖို့ကောင်းတဲ့ ကစားသမားတွေနဲ့ စုဖွဲ့ထားတဲ့အသင်းကောင်းတစ်သင်းပါ။ ဒီရာသီမှာ သူတို့ဟာ အကောင်းဆုံးလည်း ကစားနေပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့အနေနဲ့ ခံစစ်ပိုင်းမှာရော တိုက်စစ်ပိုင်းမှာပါ အကောင်းဆုံးကစားနိုင်ဖို့ လိုပါတယ်”ဟု ပြောကြားသွားသည်။

ဆီဗီလာသည် ဩဂုတ်လတုန်းက ယူရိုပါလိဂ်ဗိုလ်လုပွဲတွင် အင်တာမီလန်ကို အနိုင်ယူကာ ယူရိုပါလိဂ်ဖလားရယူနိုင်ခဲ့သည့် အသင်းဖြစ်သည်။

ချဲလ်ဆီးသည် ချန်ပီယံလိဂ်ဖလားကို တစ်ကြိမ်တည်းသာရရှိခဲ့ဖူးပြီး ပထမဆုံးနှင့် နောက်ဆုံးအကြိမ် ရရှိခဲ့တာ ၂၀၁၂ ခုနှစ်တုန်းက ဖြစ်သည်။

Facebook Comments Box
Facebook Comment