အလာဘာအား စာချုပ်သစ်ကမ်းလှမ်းထားမှုကို ဘိုင်ယန်ရုတ်သိမ်းလိုက်ပြီ

ဘိုင်ယန်မြူးနစ်သည် နောက်ခံလူဒေးဗစ်အလာဘာကို စာချုပ်သစ်ချုပ်ဆိုရေး ဆွေးနွေးမှု အဆင်မပြေဖြစ်ပြီးနောက် စာချုပ်သစ် ကမ်းလှမ်းထားမှုအား ပြန်လည် ရုတ်သိမ်းလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ဘိုင်ယန်မြူးနစ်ဥက္ကဌဟာဘတ်ဟိုင်နာသည် အောက်တိုဘာလ ၃၁ ရက်နေ့ နောက်ဆုံးထား၍ အလာဘာနှင့် စာချုပ်သစ် သဘောတူညီမှု ရယူရန် ရက်သတ်မှတ်ခဲ့သည်။ သို့ရာတွင် ၎င်းတို့၏ ကမ်းလှမ်းမှုကို အလာဘာ၏ အေးဂျင့်က လက်မခံမှုနှင့်အတူ ကမ်းလှမ်းမှုကို ရုတ်သိမ်းလိုက်ပြီ ဖြစ်သည်။

ဩစတြီးယားနောက်ခံလူ၏ လက်ရှိ စာချုပ်မှာ ယခုရာသီအကုန်တွင် ကုန်ဆုံးမည် ဖြစ်ပြီး ဇန်နဝါရီလတွင် အခြားကလပ်များနှင့် လွတ်လပ်စွာ ဆွေးနွေးနိုင်မည် ဖြစ်သည်။

အစောပိုင်းသတင်းများအရ အလာဘာသည် ဂျူဗင်တပ်သို့ ပြောင်းရန် သဘောတူညီမှု ရရှိထားပြီဟု သိရသည်။

ဟိုင်နာက “သူ့ကို အရမ်းကောင်းပြီး မျှတတဲ့ ကမ်းလှမ်းမှု လုပ်ခဲ့ပါတယ်။ နောက်ဆုံးအကြိမ် တွေ့ဆုံတုန်းက ဒေးဗစ်ရဲ့အေးဂျင့်ကို အောက်တိုဘာလ နောက်ဆုံးထားပြီး ရှင်းရှင်းလင်းလင်း သိချင်တယ်လို့ ပြောခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ဘက်ကလည်း အကောင်းဆုံးပြင်ဆင်လို့ ရအောင်ပါ။ ဒါပေမယ့် ကျွန်တော်တို့ ဘာမှ ပြန်မကြားခဲ့ရပါဘူး”ဟု ပြောကြားသွားသည်။

ဘိုင်ယန်မြူးနစ်သည် လာမည့် ဇန်နဝါရီလမတိုင်မီ အလာဘာအား စာချုပ်သစ်ချုပ်ဆိုနိုင်ရေးအ တွက် ကြိုးစားခွင့် ရှိနေသေးသည်။

အသက် ၂၈ နှစ်ရှိ အလာဘာသည် ဘိုင်ယန်အကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်ပြီး ပွဲပေါင်း လေးရာကျော် ကစားထားသူ ဖြစ်သည်။

Facebook Comments Box
Facebook Comment