
အရှုံးသမားလမ်းပတ်ကြောင့် ငတ်ခဲ့ရတယ် . . .
မောင်ဖိုးကွန့်
‘ကိုဖိုးကွန့် . . . ကိုဖိုးကွန့် . . . ထဦး . . .’
‘ အင် . . . ဘာလဲကွာ . . .ငါးနာရီထိုးမှ အိပ်ရတာ . . .’
‘အဲဒါ . . . ကတော့ ရှင့်ဝါသနာနဲ့ရှင်လေ . . . ခုတော့ ဈေးထဲသွားပေးဦး . . . ကြက်သားဆိုင်မှာ ကြက်သားထုပ်ကျန်ခဲ့လို့ အဲဒါသွားယူပေးဦး’
‘မင်းသားကို ခိုင်းပါလားကွာ . . .ဒါမှမဟုတ် (၉)နာရီလောက် သွားယူပေးမယ် . . . ခု ခဏအိပ်ဦးမယ်ကွာ’
‘သားက စာမေးပွဲရှိတယ် . . . မကြီးရုံးချိန်အမီ ချက်ရမှာ ခုသွားမှ မီမယ်လေ . . .ဒါမှမဟုတ် ရှင်သိမ်းထားတဲ့ ဆတ်သားခြောက် ထည့်ပေးလိုက်ရမလား’
‘ဝှူး. . .ဒါလေးတော့မလုပ်ပါနဲ့ကွာ . . .သွားမယ်သွားမယ်’
ညက ဖူလ်ဟမ်နဲ့ မန်ယူနိုက်တက် ကန်တဲ့ပွဲပြီး (၅)နာရီထိုးမှ အိပ်တာမို့ (၂)နာရီလောက်ပဲ အိပ်ချိန်ရသေးတာကြောင့် ခေါင်းထဲမှာ ရေတစ်ဝက်လောက်ထည့်ထားတဲ့ ခံစားချက်မျိုးနဲ့ လမ်းလျှောက်တိုင်း ဘောင်ဘင်ခတ်နေသလို ဖြစ်နေပါတယ်။
မိန်းမလုပ်တဲ့လူကလည်း ကိုယ့်နိုင်ကွက်ကို သိနေတာကြောင့် အိပ်ယာကို မဖြစ်မနေစွန့်ခွာပြီး (၂၃)ခါလောက် တပ်ထားပြီးသား Mask လေးကိုဆွဲ ဈေးထဲကို ထွက်လာခဲ့ပါတယ်။
မနက်(၈)နာရီတောင် မထိုးတတ်သေးပေမယ့် ဈေးကတော့ လူတော်တော်စည်နေပြီ။
မနက်နိုးတဲ့အခါ ဆေးလိပ်သောက်တာ အကျင့်ဖြစ်နေလို့ အိပ်ထောင်ကိုစမ်းတော့ ဆေးလိပ်က ပါမလာ။
ဒါနဲ့ ဒိုင်လျှိုထိုင်သောက်ရောင်းနေတဲ့ ‘ရော်ဖြန်း’ ဆိုင်ထဲဝင်ပြီး ဆေးလိပ်တစ်လိပ် မီးညှိနေတုန်း . . .
‘ဗျို့ မောင်ရင် . . . စိတ်နဲ့လူနဲ့ ဘယ်လောက်တောင် ဝေးနေတာတုန်း ကျုပ်ကိုတောင်မတွေ့ဘဲ ကျော်သွားတယ်’
ဒီအသံက အရမ်းရင်းနှီးနေတယ်ဆိုပြီး အသံလာရာကြည့်လိုက်တော့…
‘ဟာ . . .အဘတင့်’
ရော်ဖြန်းဆိုင်ရဲ့ ကောင်တာနောက်နားလေးက မှောင်ခိုစားပွဲလေးမှာ သူ့စတိုင်အတိုင်း စစ်စွပ်ကျယ်နဲ့ထိုင်ပြီး ဆေးပေါ့လိပ်ဖွာနေတဲ့ သူက အဘတင့် . . . ။
အဘတင့်ဆိုတာ ကျွန်တော်တို့ရပ်ကွက်ထဲက ဘောလုံးပွဲဝါသနာ အရမ်းကြီးတဲ့ပုဂ္ဂိုလ်။
အသက်က ကျွန်တော့်ထက် ၄-၅ နှစ်လောက်ပဲကြီးပေမယ့် ဒီအရွယ်အထိ ဘာအလုပ်မှ အတည်တကျမလုပ်ဘဲ ဘောလုံးကလွဲပြီး ဘာမှစိတ်မဝင်စားတတ်တဲ့သူ။
ကျွန်တော်စာတွေရေးဖို့ အကြံဉာဏ်လိုရင် သူကတောင် ပြောပြလမ်းညွှန်ပြပြီး idea ကောင်းလေးတွေ သူ့ဆီကရတတ်တာကြောင့် ကျွန်တော်နဲ့အမြဲ ဘောလုံးအကြောင်း ဆွေးနွေးတဲ့လူ။
ကိုဗစ်စဖြစ်ပြီး လူကလည်း အပြင်မထွက်ဖြစ်သလို ထိုင်နေကျ လက်ဘက်ရည်ဆိုင်တွေကလည်း ပိတ်တော့ အဘတင့်နဲ့ မဆုံဖြစ်၊ ဘောလုံးအကြောင်းမပြောဖြစ်တာ တစ်နှစ်လောက်တောင် ရှိတော့မယ်။
သူလည်း ကျွန်တော့်လို နေ့နဲ့ည မှားနေတာများပြီး ဒီအချိန် သူနိုးလေ့မရှိပေမယ့် ဒီနေ့တော့ တိုက်တိုက်ဆိုင်ဆိုင် ဆုံကြတာဖြစ်ပါတယ်။
သူ့ကိုတွေ့တော့ ဝမ်းသာအားရနဲ့ ခုံတစ်လုံးဆွဲပြီး သူ့စားပွဲမှာပဲ ဝင်ထိုင်လိုက်တယ်။
‘အဘက ဘာဖြစ်လို့ ဒီအချိန်ကြီး အိပ်ယာကနိုးနေတာလဲ . . . ထူးထူးခြားခြား’
‘မအိပ်ရသေးတာပါမောင်ရင်ရာ . . . ကိုဗစ်ကြောင့် တစ်နေ့တစ်နေ့ ဒီအိပ်ယာပေါ်မှာချည်းဆိုတော့ အရမ်းအိပ်ချင်လာမှ တက်အိပ်မယ်ဆုံးဖြတ်ပြီး ထွက်လာတာ။
ဒါနဲ့ညက အိုလေတို့ကတော့ See you at the top ဆိုပြီး ကြုံးဝါးသွားပြန်ပြီနော်မောင်ရင်’
‘ကြောင်ကြာကြာ ရေမငုပ်ပါဘူး အဘရာ . . . သိပ်မကြာခင် ခြေမှန်ပြန်ရတော့မှာပါ . . .’
‘ဟ . . .မထင်နဲ့နော်မောင်ရင် . . . ဒီနှစ်မှာ ဘယ်အသင်းမှ ခြေမငြိမ်နေဘူး . . .သူ့အသင်းက အငြိမ်ဆုံးဖြစ်နေတာ . . .’
‘ဟုတ်တော့ဟုတ်တယ် အခုမှပဲ ဘောလုံးပွဲဆိုတာ ဘာမဆိုဖြစ်တတ်တယ်ဆိုတဲ့စကားက မှန်သလို ဖြစ်နေတာ ဘယ်လောက်နာမည်ကြီးတဲ့ အသင်းဖြစ်ဖြစ် အသင်းငယ်လေးတွေကို ရှုံးချင်ရှုံးပစ်လိုက်တာပဲ . . .ဘာတွေဖြစ်နေလဲကို မသိပါဘူး အဘရာ . . .’
‘အဲဒါနဲ့ ပတ်သက်ပြီး ကျုပ်လည်း စဉ်းစားနေတာ အမှန်မဟုတ်ရင်တောင် တော်တော်နီးစပ်ဖို့များတဲ့ အဖြေတစ်ခုတော့ ထွက်တယ်’
‘ဟာ . . .လုပ်စမ်းပါဦး အဘရာ သုံးသပ်ချက်လေး တွေးခေါ်ချက်လေး’
‘ဟိုတစ်ပတ်က ဖတ်ရတဲ့သတင်းအရဆိုရင် အင်္ဂလန်မှာ တတိယလှိုင်းရိုက်တာက တအားကြမ်းနေတာ၊ ပွဲတွေလည်း ကန်ခါနီးနာရီပိုင်းမှ ဟိုရွှေ့ဒီရွှေ့တွေဖြစ်လိုဖြစ် ဘယ်ကစားသမားတော့ P ထိပြီဆိုတဲ့ သတင်းက နေ့တိုင်းလိုလိုတွေ့နေရတယ်။
အဲဒီလိုအခြေအနေမှာ မဖြစ်ဖြစ်အောင် ပွဲဆက်သွားနေတာ အံ့သြစရာပဲ မောင်ရင်ရေ’
‘ဘာမှ မအံ့သြနဲ့ ပွဲကုန်မကစားပဲ ရာသီကိုရပ်ရရင် လျော်ရမှာလေ၊ ရုပ်သံကုမ္ပဏီတွေကို၊ ကိုဗစ်က ကိုဗစ်ပဲ စာချုပ်ထဲကအတိုင်း မဖြစ်ရင် EPL တာဝန်ရှိသူတွေ ခွက်ဆွဲရတဲ့အထိကို စွဲမှာ ရုပ်သံတွေက . . . ‘
‘အေး . . .အဲအကွက်ဗျ . . .ဘောလုံးပွဲတွေက ရှေ့တိုးမရ နောက်ဆုတ်မရ မှာ မဖြစ်မနေလုပ်နေရတာ ကစားရတဲ့သူတွေ စိတ်ထဲဘယ်လိုနေမလဲ မောင်ရင်စဉ်းစားကြည့်ဦး . . .
နောက်ကိုယ့်အနီးအနားမှာလည်း ဟိုလူဖြစ်လိုက် ဒီလူဖြစ်လိုက်နဲ့ ကစားသမားတွေရော နည်းပြတွေရော မဖြစ်မနေမို့သာ ကစားနေ၊ နည်းပြနေရတာ သူတို့လည်း ကျီးလန့်စာစားဖြစ်နေပြီး ဘယ်တော့ P မလဲဆိုတဲ့ အတွေးတွေစိုးရိမ်စိတ်တွေ ရှိကိုရှိနေမှာပဲ. . .’
‘မှန်တာပေါ့ အဘရာ။ သြော် အဘပြောချင်တာက ဒီလို ပတ်ဝန်းကျင်နဲ့ စိတ်အခြေအနေကြောင့် အသင်းတွေအားလုံး ခြေမငြိမ်ဘူးဆိုတဲ့ သဘောပေါ့. . .’
‘ဟုတ်တယ်ဗျ ဒါက အတွေးဆိုပေမယ့် အပြည့်အ၀ မမှန်တောင် သက်ရောက်မှုက ရှိနေမှာသေချာတယ်’
‘ဟားဟား မောင်ရင် ကိုဗစ်မှာ ဘာသိုင်းတွေကျင့်ထားလို့တုန်း အရိပ်ပြအကောင်တွေ ဘာတွေထင်လို့ . . .ဟုတ်တယ်ဗျ ကျုပ်အဲလိုတွေးမိတယ်။
ကစားသမားတွေအားလုံးက ဘောလုံးကစားဖို့ စိတ်အပြည့်အ၀ ရှိမနေတော့ အသင်းကလည်း ဘယ်လိုငြိမ်တော့မလဲ . . . ‘
အဘတင့်က သူ့အတွေးပြောပြရင်း နောက်ဆေးပေါ့လိပ်တစ်လိပ် မီးထပ်ညှိပြန်တယ်။
အဖျော်ဆရာကလည်း အလိုက်တသိနဲ့ ကျွန်တော်သောက်နေကျ ပေါ့ဆိမ့်တစ်ခွက်လာချပေးလို့ တစ်ငုံငုံပြီး အရသာခံနေလိုက်တယ်။
အဲဒီနောက် စကားပြန်ဆက်ဖို့ ကျွန်တော်ကပဲစပြီး
‘ဟဲဟဲ . . . ဒါဆိုရင် အဘလည်း လမ်းပတ်ဖန်တွေနဲ့ ပေါင်းလို့ရပြီ၊ သူတို့ကလည်း ဘယ်နည်းပြကိုမှ အပြစ်ပြောလို့မရဘူးဆိုပြီး လမ်းပတ်ကို မထုတ်သင့်ဘူးဘာညာနဲ့ အော်နေကြတာ’
‘ကျုပ်လည်း အဲဒီချယ်ဆီးပြဿနာကို အဖြေရှာကြည့်နေတာ။ ခုနကပြောသလို ခုဖြစ်နေတာမှာ လမ်းပတ်ကို အပြည့်အ၀ အပြစ်မတင်နိုင်တာတော့အမှန်ပဲ. . .
ဒါပေမယ့် ပြဿနာအားလုံးရဲ့တရားခံကလည်း လမ်းပတ်ပဲ မောင်ရ’
‘အဲ . . .အဘရယ် မြန်မာလိုပြောပါလား သိပ်နားမလည်ဘူး . . .’
‘အင်းဉာဏ်တိမ်တဲ့ လူတွေကတော့ ဘယ်နားလည်ပါ့မလဲ။ အဲဒီတော့ ဉာဏ်ရည်မြင့်တဲ့လူတွေက ပြန်ရှင်းပြရတော့မှာပေါ့’
‘ဟားဟား အဲဒီလို အထေ့လေးတွေတောင် မကြားရတာကြာလို့ လွမ်းနေတာ. . .မှန်ပါတယ် ဉာဏ်ကြီးရှင်အဘရယ် အလင်းပြပါဦး’
‘ ကျွန်တော် ပထမဆုံးတွေးတာက လမ်းပတ်ရဲ့ နည်းပြအရည်အသွေး။ ခုနကပြောသလို ဒီကိုဗစ်မှာတော့ နည်းပြအရည်အသွေးက အမှန်မရနိုင်ဘူးဆိုတော့ အဲဒီအရင်အခြေအနေကို ပြန်သွားရတာပေါ့။
လမ်းပတ် မနှစ်က တည်ဆောက်ထားတဲ့ အသင်းအခြေအနေပေါ့ . . .တော်တော်ကျစ်လျစ်ပြီး ပင်ကိုယ်စတိုင်ရှိတဲ့အသင်းတစ်သင်းဆိုတာ မောင်လည်း သိပါတယ်။
ဒီလိုအသင်းကို ရှိတဲ့လူနဲ့ တစ်နှစ်အတွင်း လုပ်ထားတဲ့နည်းပြကို ဘာမှမတတ်ဘူးလို့ ဘယ်သူပြောမလဲ။
တကယ်တမ်းပြောရရင် မနှစ်က လမ်းပတ်ဆောက်ထားတဲ့ချယ်ဆီးမှာ Winger ၂ယောက်နဲ့ Defence Leader တစ်ယောက်ဖြည့်ရင် တော်တော်ကြီးကို ပြည့်စုံသွားပြီ။
အဲဒီ Result ကို သူဌေးက ကျေနပ်တော့ ဈေးကွက်အဖွင့် လူပြန်ဝယ်လို့ရချိန်မှာ Limitless ဝယ်ဖို့ ခွင့်ပြုလိုက်ပုံပဲ။
လမ်းပတ်အနေနဲ့ ကစားသမား(၇)ယောက် ပေါင်သန်း(၂၃၀)ပေါ့။ လိုတာထက်ပိုအောင် ဖြုန်းလိုက်တယ်။
ဘောလုံးတစ်သင်းမှာ လူပိုနေတာက လူလိုနေတာထက် ပိုပြဿနာရှိတယ်ဆိုတဲ့ သီအိုရီကို မှားတယ်ဆိုတာ သက်သေပြချင်တဲ့သဘော ဖြစ်မယ်ထင်တယ်။
ကွင်းလယ်တိုက်စစ်မှာ မေဆန်မောင့်ကို သူလည်းကြိုက်နေပေမယ့် အဲဒီနေရာအတွက် ဟာဗက်ဇ်ကို ဈေးကြီးပေးဝယ်လိုက်တယ်။
တိုက်စစ်မှာ အေဘရာဟမ်က သူလိုချင်သလို ကစားနိုင်ပေမယ့် ဝါနာအတွက် ငွေသုံးလိုက်တယ်။
တကယ်ဆို မေဆန်မောင့်၊ အေဘရာဟမ်တို့ကို အရန်ထားဖို့ အစီအစဉ်မရှိရင် သူတို့ထက် image နည်းနည်းနိမ့်တဲ့ ကစားသမားတွေနဲ့ပဲ ရံထားရမှာ။
ပြီးတော့ သူ့တပည့်တွေကို မအောက်ထားချင်တာနဲ့ လူသစ်တွေကို မဖြစ်ဖြစ်တဲ့နေရာတွေမှာ ကစားနေကျမဟုတ်တဲ့ပုံတွေ ကစားခိုင်းတယ်။
ဒါမျိုးက ယာယီလုပ်ရင် ပြဿနာမရှိပေမယ့် အချိန်ကြာလာရင် နေရာလွဲတဲ့ ကစားသမားတွေက မူလပုံစံတွေပါ ပျောက်လာရော။
အဲလိုဖြစ်လာတဲ့ ကစားသမားတွေအတွက် သုံးထားတဲ့ပိုက်ဆံကလည်း Pressure ဖြစ်လာတော့ ကစားသမားတွေကြားထဲက Team Spirit က အကုန်ကုန်ရော။
သိတဲ့အချိန်မှာ ပြန်ပြင်လို့ကလည်းမရ၊ ပိုဆိုးတာက ကိုဗစ်ကြောင့် Player တွေရဲ့စိတ်ပိုင်းက အစောပိုင်းတုန်းက ကျုပ်ပြောသလို အာရုံအပြည့်မရ။ ရှုပ်ကုန်ပြီး ရှင်းမရအောင်ဖြစ်သွားတာ။
တကယ်ဆိုရင် ဒီပြဿနာတွေက လမ်းပတ်ရဲ့ နည်းပြအရည်အသွေးကြောင့် လုံးဝမဟုတ်ဘူး။
သူသာ နည်းပြအရည်အသွေးအားနည်းရင် မနှစ်ကတည်းက ချယ်ဆီးက မြောင်းထဲရောက်နေမှာ။
အခုပြဿနာမှာ လမ်းပတ်မှားတာက ကစားသမားပိုလျှံမှုကို လျှော့တွက်ခဲ့ပြီး ဖြစ်လာရင်လည်း သူရှင်းနိုင်မယ်လို့ ကိုယ့်ကိုယ်ကိုယ်အထင်ကြီးတာ တစ်ခုတည်းလို့ထင်တယ်။
ခုကတော့ သိကြားမင်းလာပြီး နည်းပြရင်တောင် လမ်းပတ်လိုချင်သလို မဖြစ်တော့ဘူး’
‘ ‘ကောင်းတယ်အဘရာ ဒီရှုထောင့်က တော်တော်လေး သဘာဝကျတယ်’ လို့ ချီးကျူးပြီး လက်ဖက်ရည်တစ်ငုံ ငုံ့သောက်တဲ့အချိန်မှာပဲ . . .
‘တကယ်တမ်း သဘာဝမကျတာက ရှင်… အလျင်လိုလို့ သူ့ကို အိပ်ယာထဲက အတင်းနှိုးပြီး ခိုင်းမိပါတယ်။ သူက ဒီမှာ အားလုံးကိုမေ့ . . . ကောင်းပါတယ်လေ။
မကြီးရုံးထမင်းချိုင့်တော့ ရှင့်ဆတ်သားခြောက်နဲ့ ထည့်ပေးလိုက်ပြီ ကြက်သားထုပ်လည်း ကျွန်မယူလာခဲ့ပြီဆိုတော့ အားရပါးရသာ ဆက်ဆွေးနွေးတော့ မဟာဆရာကြီးရေ . . .’
‘ ဟုတ်ပဗျာ. . . ကျွန်တော် ဘယ်လိုကနေဘယ်လို လာရင်းကိစ္စကို မေ့သွားလဲတောင် မသိတော့ဘူး။
ဆိုးတာက သူငယ်ချင်းတစ်ယောက် လက်ဆောင်ပေးထားတဲ့ ဆတ်သားခြောက်အစစ်လေး မစားရက်လို့ သိမ်းထားတာ . . .ခုတော့ ကုန်ပြီပေါ့။
စိတ်ညစ်ညစ်နဲ့ သက်ပြင်းတစ်ချက် ချလိုက်တဲ့အချိန်မှာပဲ အဘတင့်က
‘ဟားဟား မောင်ရင်ရေ ဒါကိုတော့ ဒီအတိုင်း အရှုံးမခံနဲ့ စာတစ်ပုဒ်ရအောင်ရေးဗျို့ ခေါင်းစဉ်ကတော့ ‘အရှုံးသမားလမ်းပတ်ကြောင့် ငတ်ခဲ့ရတဲ့ မနက်ခင်း’ လို့သာ ပေးပေတော့’ လို့ပြောပြီး ထိုင်ခွီနေပါတော့တယ် . . . .
စာကြွင်း ။ ။ ကျွန်တော်တင်ပြချင်တဲ့ အကြောင်းအရာက အပြန်အလှန် စကားပြောနဲ့မှ ပိုထိရောက်မယ့် အခြေအနေမျိုးဆိုရင် ‘အဘတင့်’ ဆိုတဲ့ ဇာတ်ကောင်ကိုသုံးပြီး သရော်စာဆန်ဆန် ဟာသရသဘက် သွားတဲ့ပုံစံ ရေးလေ့ရှိတာကို တချို့ဖတ်ဖူးကြမှာပါ။
အဘတင့်ဆိုတဲ့ မိတ်ဆွေကြီးက တကယ်ရှိခဲ့ပြီး လွန်ခဲ့တဲ့ (၃)နှစ်ဝန်းကျင်က ရာသက်ပန် သာသနာ့ဘောင် ဝင်သွားခဲ့ပါပြီ။
ကျွန်တော်က သူ မရှိတော့ပေမယ့် သူ့ကို ခင်မင်လေးစားတာတစ်ကြောင်း နောက်ထပ်ဇာတ်ကောင်လည်း မဖန်တီးချင်တာတစ်ကြောင်းကြောင့် တင်ပြပုံကို အရင်အတိုင်းဖြစ်အောင် စိတ်ကူးနဲ့ဖန်တီးပြီး တင်ပြတာဖြစ်ပါတယ် . . . ။