အရန်ခုံ ထိုင်နေရချိန်တွင်လည်း ကစားခွင့်ရပါက ပွဲအဖြေပြောင်းလဲရန် အမြဲစဉ်းစားကြောင်း ယိုတာ ဆို

လီဗာပူးလ် တိုက်စစ်မှူး ဒီယိုဂိုယိုတာက သူ့အနေဖြင့် ပွဲထွက်လူစာရင်းမှ ကစားခွင့်မရဘဲ အရန်ခုံပေါ် ထိုင်နေချိန်တွင် အကယ်၍သာ ကစားခွင့်ရခဲ့လျှင် ပွဲအဖြေအား မည်သို့ ပြောင်းလဲရမလဲဆိုသည်ကို အမြဲစဉ်းစားလေ့ရှိကြောင်း ပြောကြားလိုက်သည်။

ယခုနွေရာသီတွင် ဝုဗ်မှ ပေါင် ၄၁ သန်းဖြင့် ပြောင်းရွှေ့လာသော အသက် ၂၃ နှစ်အရွယ် ပေါ်တူဂီလက်ရွေးစင် ယိုတာသည် ယမန်နေ့ညက ဝက်စ်ဟမ်းအား ၂-၁ ဂိုးဖြင့် အနိုင်ရသောပွဲတွင် လီဗာပူးလ်အတွက် နောက်ကျအနိုင်ဂိုး သွင်းယူခဲ့သည်။

၎င်းသည် ပွဲထွက်လူစာရင်းမှ ကစားခွင့်မရဘဲ ပွဲချိန် မိနစ် ၇၀ ကျမှသာ ဖာမီနိုအစား လူစားဝင်ခွင့် ရခဲ့သော်လည်း ပွဲပြီးရန် ၅ မိနစ်အလိုတွင် ရှာကွီရီ၏ ဖန်တီးပေးမှုမှတစ် ဆင့် အနိုင်ဂိုး သွင်းယူပေးခဲ့သည်။

အဆိုပါနိုင်ပွဲကြောင့် လက်ရှိချန်ပီယံ လီဗာပူးလ်သည် စနေည ပွဲစဉ်များအပြီး အမှတ်ပေးဇယား ထိပ်ဆုံးသို့ ပြန်လည် တက်ရောက်နိုင်ခဲ့သည်။

ယိုတာသည် ယခုတစ်ပတ် ကြားရက်က မစ်ဂျယ်လန်းအား အနိုင်ရသောပွဲတွင်လည်း လီဗာပူးလ် သမိုင်းတစ်လျှောက် ဂိုး ၁၀၀၀၀ ပြည့်ဂိုးအား သွင်းယူနိုင်ခဲ့ပြီး ဝက်စ်ဟမ်း ဘက် သွင်းယူခဲ့သောဂိုးက ၎င်း၏ ပရီးမီးယားလိဂ် ၃ ဂိုးမြောက် သွင်းဂိုးဖြစ်သည်။

ယိုတာသည် ဝက်စ်ဟမ်းနှင့်ပွဲတွင် တစ်ဂိုး ထပ်သွင်းခဲ့သော်လည်း VAR ကြောင့် ဂိုးအဖြစ် သတ်မှတ်ခံရခြင်း မရှိပေ။

လီဗာပူးလ် တီဗွီနှင့် တွေ့ဆုံရာတွင် ၎င်းက “အမှန်ပါပဲ။ ဒီဂိုးက အဓိပ္ပာယ် အများကြီး သက်ရောက်ပါတယ်။ အရန်ခုံပေါ် ထိုင်နေရတဲ့အချိန်တိုင်း ကစားခွင့်ရရင် ပွဲအဖြေ ပြောင်းလဲသွားအောင် ငါလုပ်နိုင်တယ်ဆိုပြီး အမြဲစဉ်းစားဖြစ်တယ်။

ကျွန်တော် ၂ ဂိုးသွင်းခဲ့ပေမယ့် ၁ ဂိုးပဲရခဲ့တယ်။ ဒါပေမဲ့လည်း နောက်ဆုံးမှာ ကျွန်တော်တို့ အောင်ပွဲရခဲ့တယ်။ အရေးအကြီးဆုံးက အနိုင်ရဖို့ပါပဲ။ နောက်ပြီး ဒီနိုင်ပွဲကို ဆက်ထိန်းသွားချင်တယ်” ဟု ပြောသည်။

Ref:liverpoolfc

Facebook Comments Box
Facebook Comment