အယ်လီအတွက် ပီအက်စ်ဂျီ၏ ကမ်းလှမ်းမှုကို စပါး ပယ်ချ

ပြင်သစ်လီဂူး ချန်ပီယံ ပီအက်စ်ဂျီအသင်းသည် စပါးမှ အင်္ဂလန် ကွင်းလယ်ကစားသမား ဒယ်လီအယ်လီကို အဌားခေါ်ယူရန် ကမ်းလှမ်းလိုက်သော်လည်း လန်ဒန်အခြေစိုက်ကလပ်က လက်မခံဘဲ ပယ်ချလိုက်ကြောင်း ဒေးလီးမေးလ် သတင်းစာက ဖော်ပြသည်။

အသက် ၂၄ နှစ်အရွယ် အယ်လီသည် နည်းပြမော်ရင်ညို၏ နည်းစနစ်ပိုင်းအရ ပုံမှန်ပွဲ ကစားခွင့် နည်းပါးနေသလို အခြား အကြောင်းအရာများကြောင့်လည်း စပါးတွင် မတည်မငြိမ် ဖြစ်နေသည်။

ထို့ကြောင့် ပီအက်စ်ဂျီအသင်းက ၎င်းအား ယခုရာသီကုန်အထိ တစ်ရာသီ အဌားခေါ် ယူခွင့်ရရန် စပါးထံ ပေါင် ၃ သန်းဖြင့် ကမ်းလှမ်းလိုက်ခြင်း ဖြစ်သည်။

သို့သော် ဒေးလီးမေးလ်မှ ရရှိသော အချက်အလက်များအရ ပီအက်စ်ဂျီသည် ယခုရာသီကုန်အထိသာ ခေါ်ယူရန် စီစဉ်ထားပြီး စာချုပ်ပြည့်ပါက အပြီးသတ် ခေါ်ယူမည် ဆိုသော အချက်ကို ထည့်သွင်းထားခြင်း မရှိပေ။

ထို့ကြောင့် စပါးက လက်မခံဘဲ ပယ်ချလိုက်ခြင်းဖြစ်ပြီး ပြင်သစ်လီဂူးကလပ်ကမူ အ ပြောင်းအရွှေ့ဈေးကွက် မပိတ်မီ ပြင်ဆင်ချက်များဖြင့် ထပ်မံကမ်းလှမ်းလာဖွယ် ရှိနေသေးသည်။

၂၀၁၅ တွင် အမ်ကေဒွန်းစ်အသင်းမှ ပေါင် ၅ သန်းဖြင့် ရောက်ရှိလာသော အယ်လီသည် စပါးအတွက် ပြိုင်ပွဲစုံ ၂၂၅ ပွဲကစားကာ ၆၃ ဂိုး သွင်းယူထားသည်။

၎င်းသည် မက္ကာဘီဟိုင်ဖာအား ၇-၂ ဂိုးဖြင့် အနိုင်ရသည့် ယူရိုပါလိဂ်ပွဲတွင် ဒုတိယပိုင်းမှ လူစားဝင်ခွင့်ရကာ နောက်ဆုံးဂိုးကို ပင်နယ်တီမှတစ်ဆင့် သွင်းယူပေးခဲ့သည်။

အယ်လီသည် ရာသီအဖွင့် အဲဗာတန်နှင့်ပွဲ၊ ရှကန်ဒီဂျာနှင့် ပွဲများတွင်သာ ပထမ ၁၁ ဦး စာရင်းမှ ပါဝင်ခွင့်ရသော်လည်း ပွဲချိန်ပြည့် ကစားခွင့်မရဘဲ လူစားလဲ ခံခဲ့ရသည်။

ပီအက်စ်ဂျီ၏ ကမ်းလှမ်းမှုကို စပါးက ပယ်ချလိုက်ခြင်းမှာ အောက်တိုဘာ ၅ ရက်တွင် ပိတ်သိမ်းမည့် နွေရာသီဈေးကွက် ကျော်လွန်သွားချိန်အထိ အယ်လီကို အသင်းတွင် ဆက်ရှိစေလိုသည့် သဘောဖြစ်သော်လည်း မော်ရင်ညို၏ မျက်နှာသာပေးမှု မခံရသော ၎င်းမှာ ပွဲကစားခွင့်ရရန် အရန်ခုံတွင်ထိုင်ကာ စောင့်ဆိုင်းရမည့်သဘောလည်း သက်ရောက်နေကြောင်း ဒေးလီးမေးလ်က သုံးသပ်သည်။

Ref:dailymail

Facebook Comments Box
Facebook Comment