အယ်ကလက်စီကိုပင်နယ်တီအတွက် VAR ဆုံးဖြတ်ချက်အပေါ် ကိုးမန်း ပေါက်ကွဲ

ဘာစီလိုနာနည်းပြရော်နယ်ကိုးမန်းက VAR မှာ မိမိတို့အသင်းအပေါ်တွင် တစ်ဖက်သတ် ဆုံးဖြတ်နေကြောင်း ဝေဖန် ပြောကြားလိုက်သည်။ ဘာစီလိုနာသည် မနေ့ညတုန်းက နျူးကမ့်၌ ကစားခဲ့သည့် ရီးရဲလ်မက်ဒရစ်နှင့် အယ်လ်ကလက်စီကိုပွဲတွင် ၃-၁ ဖြင့် ရှုံးနိမ့်ခဲ့သည်။

ဘာစီလိုနာနှင့် ရီးရဲလ်မက်ဒရစ်တို့သည် ပြီးခဲ့သည့်အပတ်တုန်းက ဂီတာဖေး၊ ကာဒစ်ဇ်ကို ရှုံးနိမ့်ခဲ့ကြကာ ဖိအားများနှင့် ကြုံနေရသည်။ သို့ရာတွင် ဇီဒန်း ဦးဆောင်သည့် ရီးရဲလ်မက်ဒရစ်က နျူးကမ့်တွင် ကြီးမားသည့် အောင်ပွဲ ရရှိသွားခဲ့သည်။

ရီးရဲလ်မက်ဒရစ်သည် ပွဲအစ ၅ မိနစ်တွင်ပင် ဗယ်ဗာဒီ၏ ဂိုးဖြင့် ပွဲကို ဦးဆောင်နိုင်ခဲ့ပြီး ချက်ချင်းဆိုသလို ဖာတီက ဘာစီလိုနာအတွက် ပြန်လည်ချေပခဲ့သည်။ ဒုတိယပိုင်းတွင် ဧရိယာအတွင်းမှာ လင်ဂလက်က ရာမို့စ်ကို အင်္ကျီဆွဲမှုကြောင့် ရီးရဲလ်မက်ဒရစ်တို့ ပင်နယ်တီ ရရှိခဲ့သည်။ ယင်းပင်နယ်တီကို ရာမို့စ်က အပိုင်ကန်ကာ ရီးရဲလ်မက်ဒရစ်အတွက် ဒုတိယဂိုး သွင်းယူခဲ့ပြီး ပွဲပြီးခါနီးတွင် လူကာကူက တတိယဂိုးသွင်းယူခဲ့သည်။

ကိုးမန်းက “ကျွန်တော်တို့ကတော့ လုံးဝ သဘောမတူဘူး။ ကျွန်တော့်အတွက် တော့ ဒါက ပင်နယ်တီ မဟုတ်ပါဘူး။ တစ်နေ့ကျရင် စပိန်မှာ VAR ပြဿနာပတ်သက်ပြီး ရှင်းပြတာ ကြားရဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ ငါးပွဲ ကစားခဲ့ပြီးပြီ။ VAR ကို ဘာစီလိုနာအသင်း နစ်နာဖို့အတွက်ဘဲ သုံးခဲ့တယ်။ ဆီဗီလာရဲ့ပွဲမှာ မက်ဆီရဲ့ ပင်နယ်တီ မရခဲ့ဘူး။ ဂီတာဖေးပွဲမှာလည်း အနီကတ် နှစ်ကတ်မပြခဲ့ဘူး။ VAR ကို ဘာစီလိုနာ နစ်နာဖို့အတွက်ဘဲ သုံးတာလား။ လက်ဂလက်နဲ့တော့ စကားမပြောရသေးပါဘူး။ ဒါပေမယ့် ဒီဖြစ်ရပ်ကို သေသေချာချာ မြင်လိုက်တယ်။ ရာမို့စ်ကို လင်ဂလက်ကို ပြစ်ဒဏ်ကျူးလွန်တယ်။ လင်ဂလက်က ရာမို့စ်ကို ဆွဲတယ်။ ရီးရဲလ်မက်ဒရစ်ကစားသမားတွေက ဒိုင်ကို ဖိအားပေးတတ်တာ ပုံမှန်ဖြစ်ရပ်ပါ။ ဒါနဲ့ပတ်သက်ပြီး ပြဿနာ မရှိပါဘူး။ ဒိုင်လူကြီးနဲ့ VAR တို့ကဘဲ ဒီပွဲအလှည့်အပြောင်းဖြစ်သွားအောင် အဆုံးအဖြတ်ပေးခဲ့ကြတာပါ” ဟု ပြောကြားသွားသည်။

ရာမို့စ်က ရီးရဲလ်မက်ဒရစ်အတွက် ဦးဆောင်ဂိုးသွင်းပြီးနောက် ကိုးမန်းသည် ထရန်ကာအို၊ ဂရက်ဇ်မန်း၊ ဒမ်ဘီလီနှင့် ဘရစ်ဝှိုက်တို့ကို ထည့်သွင်းခဲ့သော်လည်း တိုက်စစ်မှာ ဟန်ချက်ညီခြင်း မရှိတော့ဘဲ ရီးရဲလ်မက်ဒရစ်ကို အနည်းငယ်သာ ခြိမ်းခြောက်နိုင်ခဲ့သည်။

Facebook Comments Box
Facebook Comment